ရန်ကုန် ၁၄ စက်တင်ဘာ 

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီ ဧကာဒသမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ ကမ္ဘောဇရိပ်သာ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၉ ခုနှစ် နှစ်ဆန်းမှစ၍ ယခု သြဂုတ်လအထိ ရုပ်ရှင်ရိုက်ကူးမှုအတွက် လုပ်ငန်းစဉ်များ၏အရွေ့သည် အတော်လေး သွက်လက်လာပြီ၊ အသက်ဝင်လာပြီ၊ လုပ်ငန်းရုပ်လုံးများ ပေါ်လွင်လာပြီဟု ဦးစွာပထမ ပြောကြားလိုကြောင်း၊ ဤအရွေ့တစ်ခုအထိ ရောက်ရှိလာခြင်းသည် ယနေ့ အစည်းအဝေးတွင် တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များ၏ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်မှုကြောင့်ပင် ဖြစ်ကြောင်း၊ အစည်းအဝေးများ အကြိမ်ကြိမ်ကျင်းပခြင်း၊ အပြန်အလှန် ပြောဆိုဆွေးနွေးကြခြင်း၊ ပြောဆိုဆွေးနွေးမှုများကို အနီးစပ်ဆုံးအခြေအနေတစ်ခု ရောက်အောင် လက်တွေ့သဘော သက်ဝင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း၊ ယင်းကြိုးပမ်းဆောင်ရွက်မှုများ၏ ရလဒ်သည် ယနေ့ရောက်ရှိ ရရှိနေသည့် အခြေအနေပင်ဖြစ်ကြောင်း။

ဤရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်ပြီး စေတနာကိုအရင်းခံ၍ လည်းကောင်း၊  ဝေဒနာကိုအရင်းခံ၍လည်းကောင်း ထင်မြင်ချက်၊ ယူဆချက်၊ သုံးသပ်ချက် မျိုးစုံကို မိမိတို့ နှစ်ပေါင်းများစွာ ကြုံတွေ့ဖြတ်သန်းခဲ့ကြရကြောင်း၊ အထင်ကြီးခြင်း၊ အထင်သေးခြင်းဟူသော လောကသဘာဝအမြင်မျိုးစုံနှင့်လည်း ရင်ဆိုင်ခဲ့ကြရကြောင်း၊ သို့ရာတွင် ခွန်အားတစ်ရပ်ကို ဖြစ်စေကြောင်း၊ မိမိတို့သည် မိမိတို့၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ထိုက်တန်သည့် ဂုဏ်ပုဒ်ဖြစ်ရမည်၊ တိုင်းပြည်အတွက် စံပြအတုယူစရာ သမိုင်းဖြစ်ရပ်မှန် ဇာတ်ကားဖြစ်ရမည်ဆိုသည့် ပန်းတိုင်တစ်ခုတည်းကို ယုံကြည်ချက်နှင့် မမှိတ်မသုန် ကြံ့ကြံ့ခံဖြတ်သန်းခဲ့ကြသည့်အတွက် ယနေ့ ယင်းအခြေအနေမျိုးကို ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း။ 

မိမိတို့နိုင်ငံတွင် အစိုးရတစ်ရပ် ဝန်ကြီးဌာနတစ်ခုက တာဝန်ယူပြီး ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုလုပ်ငန်းသည် ရှေးယခင်ကတည်းက ရှိခဲ့ဖူးကြောင်း၊ ရည်ရွယ်ချက်၊ ဦးတည်ချက်များ ကွဲပြားခဲ့ကြသော်လည်း ဌာနဆိုင်ရာ၏ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း၊ မူဘောင်များအတွင်းက ဆောင်ရွက်ရသည့် သဘောသဘာဝနှင့် အနုပညာရှင်များ၏ တက်ကြွလွတ်လပ်စွာ ဉာဏ်ကွန့်မြူး ဖန်တီးနိုင်ခွင့်များကို အချိုးညီညီ ပေါင်းစပ်ဆောင်ရွက်ရသည့် မတူညီသည့် သဘောသဘာဝများမှာမူ ခေတ်တိုင်းတွင် အမြဲတမ်းတူညီလျက်ရှိကြောင်း၊ ဌာနဆိုင်ရာ၏ လုပ်ငန်းသဘာဝဆိုသည်မှာ လုပ်ငန်းတစ်ခုကို သတ်မှတ်အချိန်ကာလတစ်ခု အတွင်းတွင် တွက်ချက်လျာထားပြီးသား ဘဏ္ဍာငွေကြေးနှင့် ပြီးစီးအောင် အလေအလွင့်မရှိအောင် ဆောင်ရွက်ရသည့် အနေအထားမျိုးဖြစ်ကြောင်း၊ အနုပညာ၏ သဘောသဘာဝက အချိန်ယူကြံဆလေ၊ အတွေးအကြံဉာဏ်ကွန့်မြူးမှု ကျယ်ပြန့်လေ၊ စိတ်အေးလက်အေး ဖိအားနည်းနည်းနှင့် ဆောင်ရွက်ရလေ၊ အနုပညာမြောက်လေဖြစ်ကြောင်း၊ ထို့ကြောင့် မတူညီသည့် သဘောသဘာဝများ အပြန်အလှန် ယုံကြည်နားလည်မှုနှင့် ဆောင်ရွက်ရခြင်းများသည် နှစ်ဘက်စလုံးအတွက် အလွန်သတိထား ဆောင်ရွက်ခဲ့ကြရသည့် အနေအထားမျိုးဖြစ်ကြောင်း။

ယခုအခါ ယင်းအခြေအနေများအားလုံးကို မိမိတို့ နားလည်မှုရှိရှိနှင့် ကျော်လွှားနိုင်ခဲ့ကြပြီဖြစ်ကြောင်း၊ ထို့အပြင် ယခုအခါတွင် ယင်းရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေး၏ အင်အားတစ်ရပ်ဟု ယုံကြည်သတ်မှတ်ထားသည့် ကာကွယ်ရေးဝန်ကြီးဌာနက အဆင့်ဆင့်သော တာဝန်ရှိသူများ၏ ပံ့ပိုးကူညီမှုကလည်း မိမိတို့အတွက် များစွာအထောက်အကူဖြစ်ခဲ့ကြောင်း၊ ဝတ်စုံဒီဇိုင်း ပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုကလည်း နှစ်ထောင်းအားရ ကျေနပ်စရာဖြစ်ခဲ့ကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဆက်သွယ်ဆောင်ရွက်ပေးမှုများကလည်း ရိုက်ကူးရေးအတွက် များစွာအထောက်အကူဖြစ်စေခဲ့ကြောင်း၊ ယင်းကဲ့သို့ ကိုယ်နှင့်သက်ဆိုင်သည့် ထောင့်အသီးသီးမှ တွေးတောကြံဆ ပေါင်းစပ်ဖြည့်ဆည်းပေးနေကြသည့် ပညာရှင်များ၏ စေတနာစွမ်းဆောင်မှုများကလည်း နှစ်ထောင်းအားရစရာ ဖြစ်ခဲ့ကြောင်း၊ ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံချိန်တွင် အကြံပြုချက်အရ ဂျပန်နိုင်ငံတွင်ရှိသည့် ဗိုလ်မှူးကြီး ဆူဇူကီး၏ အိမ်နှင့် ကျေးလက်ဒေသရှုခင်းများကို ထည့်သွင်းရိုက်ကူးနိုင်ရန်အတွက် ဒါရိုက်တာ ဦးလူမင်းနှင့် ဦးစိုးကျော်ဆန်းတို့ ၂၀-၈-၂၀၁၉ ရက်မှ ၂၄-၈-၂၀၁၉ ရက်အထိ သွားရောက်လေ့လာခဲ့ကြပြီး ဖြစ်ကြောင်း၊ အတွေ့အကြုံများစွာကိုလည်း ရရှိခဲ့မည်ဟု ယုံကြည်ကြောင်း။

အစည်းအဝေးများကို အကြိမ်ကြိမ်ဖိတ်ခေါ် ကျင်းပခဲ့သော်လည်း ယခုနောက်ပိုင်းကျင်းပမည့် အစည်းအဝေးများ၏ အနှစ်သာရသည် အလုပ်သဘော ပိုမိုသက်ဝင်လာပြီဖြစ်ကြောင်း၊ အလုပ်သဘောသက်ဝင်သည့် ဆွေးနွေးချက်များကိုလည်း ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းဆွေးနွေးပေးကြရန် ဖိတ်ခေါ်ကြောင်း။

နိဂုံးချုပ်အားဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကို သားစဉ်မြေးမြစ် ပြောထုံးဖြစ်အောင် အတုယူစရာ အားကျစရာ ဆင်ခြင်တွေးတောစရာများနှင့် တန်ဆာဆင်ပြီး အနုပညာ သဘောအရ ရသလည်းမြောက်အောင် အားထုတ်ကြိုးပမ်း ရိုက်ကူးလိုခြင်း၏ အဓိက ရည်ရွယ်ချက်သည် သမိုင်းတစ်ခုကို မှတ်တမ်းပြုရုံ သက်သက်မျှမဟုတ်ဘဲ နောင်လာလတ္တံ့သော တိုင်းပြည်၏ အနာဂတ်ပေါင်းများစွာတွင် ဗိုလ်ချုပ် အောင်ဆန်းပေါင်း များစွာပေါ်ထွန်းရေးအတွက်ရည်မှန်းပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေး မှူး(၂) ဦးလူမင်းက ရိုက်ကူးထုတ်လုပ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ Red Radiance Digital Cinema Solutions မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမင်းက ကင်မရာနှင့်ဆက်စပ်မှု ပစ္စည်းများ ဝန်ဆောင်မှုဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဆပ်ကော်မတီများနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

“အောင်ဆန်း”ရုပ်ရှင် စတင်ရိုက်ကူးမည့် အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ ၂၄ ရက်(အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်