ရန်ကုန် ၁၄ စက်တင်ဘာ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ China Radio International၊ SkyNet နှင့် ယူနန်ပြည်နယ် တယ်ဟုန်ရုပ်မြင်သံကြားတို့ပူးပေါင်း၍ တရုတ်ဂန္ထဝင်ရုပ်ရှင် အစီအစဉ်များ၊ ထုတ်လွင့်ပြသမည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel ၌ ကျင်းပသည်။ 

အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်တို့က တရုတ်ဂန္ထဝင်ဇာတ်ကားများ ထုတ်လွှင့်တင်ဆက်မှု ပြပွဲအထိမ်းအမှတ်အဖြစ် နှုတ်ခွန်းဆက်စကားပြောကြားပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကျွန်တော်တို့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ယဉ်ကျေးမှုတွေဟာ မတူကွဲပြားမှုတွေ၊ တူညီမှုတွေ အများကြီးရှိပါတယ်။ အခု တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဦးဆောင်ပြီးဆောင်ရွက်နေတဲ့ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းမှာလည်း ကျွန်တော်တို့မြန်မာနိုင်ငံဟာ ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ အခုပြသမဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပြည်သူတွေနဲ့ နီးစပ်မှုရှိအောင် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်သင့်ပါတယ်။ အခုပြသမဲ့ ရုပ်သံဇာတ်လမ်းတွေကို ရုပ်သံလွှင့်တွေက ပြသနေသလိုမျိုးပဲ ပြည်သူလူထုနဲ့ ပတ်သက်နေတဲ့ ဧရိယာတွေမှာလဲပြသနိုင်ဖို့ ဆောင်ရွက်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ ဒါမှသာပြည်သူလူထုက နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို သိရှိသွားမှာ ဖြစ်သလို ကျွန်တော်တို့ နိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကိုလည်း ဖော်ထုတ်ပြသနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ 

 

mdn

 

တရုတ်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ အစီအစဉ်များ ပြသသည့် အစီအစဉ်တွင် ၁၉၈၆ ခုနှစ်က ရိုက်ကူးခဲ့သည့် "အနောက်ဖက်သို့ခရီးသွားခြင်း" အပါအဝင် ပရိသတ်များအကြိုက်များသည့် ၁၉၉၄ ခုနှစ်က ရိုက်ကူးခဲ့သော "သုံးပြည်ထောင်ခေတ်" ဇာတ်လမ်းတွဲ၊ "ဟောရိုး-စင်္ကြံ" စသည့် တရုတ်ဂန္တဝင် ဝတ္တုဇာတ်လမ်း(၄)ခုအပါအဝင် ဂန္ထဝင်ဇာတ်လမ်းတွဲများနှင့် မှတ်တမ်းရုပ်ရှင်(၁၀)ခုကို မြန်မာဘာသာနောက်ခံ စကားပြော (သို့မဟုတ်) မြန်မာဘာသာစာတန်းထိုးဖြင့် SkyNet World Drama Channel ၊Knowledge Channel i Asia Movie Channel MRTV Entertainment တို့တွင် ယနေ့မှစတင်၍ ထုတ်လွင့်ပြသသွားမည်ဖြစ်ကြောင်း အဆိုပါ အခမ်းအနား ထုတ်ပြန်ချက်များမှ သိရသည်။ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က “မြန်မာဘာသာ စကားနဲ့ အသံထည့်သွင်းထားတဲ့ ခန်းဆောင်နီအိမ်မက် ဇာတ်လမ်းတွဲကို မြန်မာနိုင်ငံမှာ ထုတ်လွှင့်ပြသခဲ့ရာ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုများစွာ ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း လက်ရွေးစင် တရုတ်ရုပ်ရှင်များနဲ့ ယခုထက် ပိုမိုကောင်းမွန်တဲ့ မှတ်တမ်းဇာတ်ကားများကိုလည်း မြန်မာနိုင်ငံမှာ ဆက်တိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး မြန်မာပရိသတ်များ ကြိုက်နှစ်သက်ကြမည်ဟု ယုံကြည်ပါတယ်” ဟု ပြောကြားသည်။ 

ထို့နောက် ပြသသွားမည့် တရုတ်ဂန္ထဝင်ဇာတ်ကားများတွင် ပါဝင်သော နောက်ခံတေးသီချင်းများကို သီဆိုဖျော် ဖြေတင်ဆက်ခဲ့ကြပြီး တက်ရောက်လာကြသူများအား “အနောက်ဖက်သို့ခရီးသွားခြင်း” ရုပ်ရှင် ဇာတ်လမ်းတွဲအပိုင်း(၁)ကို မြန်မာဘာသာ နောက်ခံစကားပြောဖြင့် ပြသခဲ့သည်။ 

 

mdn

 

ယနေ့ကျင်းပသည့် အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

သတင်းနှင့် ဓာတ်ပုံ…ညွန့်ကိုကို