နေပြည်တော် ၁၄ စက်တင်ဘာ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာ ၁၄ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ အင်းယားလိတ် ဟိုတယ်ရှိ Yangon Convention Center ၌ ကျင်းပသည့် မြန်မာနိုင်ငံ အာဆီယံအမျိုးသမီးများ ချစ်ကြည်ရေးအသင်း၏ ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဉီးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်း၏ ဇနီး၊ ရန်ကုန်မြို့ရှိ သံတမန် နာယကဖြစ်သူ ဘရူနိုင်းနိုင်ငံ သံအမတ်ကြီး Mr. Pehin Dato Abdu’r Rahmani Dato Basir နှင့်ဇနီး၊ ရန်ကုန်မြို့ရှိ အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီး/ခင်ပွန်းများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ၊ မြန်မာနိုင်ငံ အာဆီယံအမျိုးသမီးများ ချစ်ကြည်ရေးအသင်း(MAWFA)နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အမျိုးသမီးများ အသင်းတို့မှ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထို့ပြင် ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (မြန်မာ)၊ ဝိသာခါဖောင်ဒေးရှင်း၊ လေးကျွန်းသူဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံအမျိုးသမီး စွမ်းဆောင်ရှင်များအသင်း၊ ဝေမျှမေတ္တာလူမှုကူညီရေးအဖွဲ့၊ နိုင်ငံတကာ ယဉ်ကျေးမှုနှင့် ချို့ငဲ့သူများ အကူအညီပေးရေးအဖွဲ့ (ICCG)၊ မြန်မာနိုင်ငံယုဝတီ ခရစ်ယာန်အသင်း (YWCA) လူမှုကူညီရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် သံတမန်နာယကဖြစ်သူ ဘရူနိုင်းနိုင်ငံ သံအမတ်ကြီး Mr. Pehin Dato Abdu’r Rahmani Dato Basir က အာဆီယံနိုင်ငံများကိုယ်စား မိန့်ခွန်းပြောကြားသည်။
အာဆီယံ၏ မတူကွဲပြားသောယဉ်ကျေးမှု၊ အစားအစာနှင့် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ ဖော်ထုတ်ပြသရန်၊ ပြည်သူများအကြား အာဆီယံဆိုင်ရာ အသိအမြင်ဗဟုသုတများ တိုးမြှင့်ရန်နှင့် အာဆီယံ၏ ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွှတ်မှုကို ပိုမိုတိုးတက်ခိုင်မြဲစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ အာဆီယံအမျိုးသမီးများ ချစ်ကြည်ရေးအသင်းက အဆိုပါ ဈေးရောင်းပွဲတော်ကို ကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ ဈေးရောင်းပွဲတော်၌ အာဆီယံနိုင်ငံများ၏ မတူကွဲပြားသော ထွက်ကုန်ပစ္စည်းများနှင့် ရိုးရာအစားအစာများ၊ လက်မှုအနုပညာပစ္စည်းများနှင့် လက်ဝတ်ရတနာများ၊ ရိုးရာအဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများကို ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်သည်။
အဆိုပါ ဈေးရောင်းပွဲတော်မှ ရရှိသည့် ငွေများကို တစ်ကိုယ်ရေမိခင်နှင့် ကလေးများအတွက် ဖွင့်လှစ်ထားသည့် ဂေဟာများနှင့် အိမ်ရာမဲ့လေလွင့်ကလေးငယ်များ၏ ပညာရေးကို အထောက်အပံ့ပေးသည့် အဖွဲ့အစည်းများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် ဈေးရောင်းပွဲတော်ကို အများပြည်သူ ကြည့်ရှုလေ့လာဝယ်ယူနိုင်ရန် ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်ရှိ Yangon Convention Center ၌ စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ (၂)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်


