နေပြည်တော် ၁၄ စက်တင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် စစ်ကိုင်းတိုင်းဒေသကြီး စိုက်/မွေး/ဆည် ဝန်ကြီး ဦးကမ်ဇာမုံ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာအုပ်စု ကွင်းအမှတ် ၂၈၈၀ ရှိ တောင်သူဦးဘိုသန်း၏ ပေါ်ဆန်းရင် စပါးစိုက်ကွင်းသို့ ရောက်ရှိကြပြီး စပါးပင်များ ဖြစ်ထွန်းအောင်မြင်နေမှု ဆည်ရေရရှိမှုအခြေအနေ၊ တောင်သူများ၏ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုများနှင့် ဝင်ငွေအကျိုးအမြတ်များကို မေးမြန်းဆွေးနွေးရာမြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်ဇာဇာမင်းနှင့် တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးမှူးဦးဝင်းလှိုင်ဦးတို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် လိပ်ချင်းကျေးရွာရှိ စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေးစီမံကိန်း ရှင်းလင်းဆောင်တွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာ၌ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနှင့်အတူ မိမိတို့နိုင်ငံတွင် သက်ရောက်လျက်ရှိသည့် ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော စိုက်ပျိုးထုတ်လုပ်မှုပုံစံကို ပြောင်းလဲကျင့်သုံးနိုင်မှသာ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုကို ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း၊ ယခုနှစ်မိုးရာသီတွင် မုတ်သုန်အဝင်နောက်ကျပြီး အထွက်စောမည်ဖြစ်သည့်အတွက် ဆည်များမိုးရေဝင်ရောက်မှု လျော့နည်းမည်ဟု ခန့်မှန်းထားပါကြောင်း၊ သဖန်းဆိပ်ရေလှောင်တမံအပါအဝင် ဆည်ရေလှောင်တမံများ ရေသိုလှောင်နိုင်မှုလျော့နည်းနိုင်ကြောင်း၊ နှစ်စဉ် ရေဧက ၂၈ သိန်းခန့် သိုလှောင်နိုင်ခဲ့သည့် သဖန်းဆိပ်ရေလှောင်တမံသည် လက်ရှိအချိန်အထိရေဧက ၆ သိန်းခန့်သာ သိုလှောင်သိုလှောင်နိုင်သည့် အခြေအနေတွင် မိုးသီးနှံများအောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့သော်လည်း လာမည့် ဒုတိယသီးနှံအတွက် ရေလိုအပ်ချက်နည်းပြီး တောင်သူတွက်ခြေကိုက်သည့် သီးနှံများ ရွေးချယ်စိုက်ပျိုးနိုင်ရေးကို သက်ဆိုင်ရာဌာနများက တောင်သူများနှင့် ညှိနှိုင်းဆွေးနွေးပြီး နည်းပညာနှင့် အကူအညီများ ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် တောင်သူများက စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ သဖန်းဆိပ်ဆည်ရေသောက် ဧရိယာအတွင်းရှိ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသည့် လယ်ယာမြေများအား လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ အမြန်ဆုံး ရရှိစေရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများအနေဖြင့် စုပေါင်းဆောင်ရွက်ခြင်း အလေ့အထကို ပိုမိုအားထုတ်ကြစေလိုကြောင်း၊ စိုက်ပျိုးရေလိုအပ်ချက် ရေမြေရာသီဥတုအခြေအနေဈေးကွက် စသည်တို့အပေါ် တောင်သူအချင်းချင်း ညှိနှိုင်းပြီး တစ်ကွင်းတစ်ဆက်တည်း စိုက်ပျိုးထုတ်လုပ်ခြင်း၊ စုပေါင်းသိုလှောင်ခြင်း၊ စုပေါင်းရောင်းချခြင်းဖြင့် ဈေးကွက်ကို တောင်သူများကိုယ်တိုင်က ထိန်းချုပ်လုပ်ကိုင်ခြင်းကို ပြောင်းလဲနိုင်မှသာ တောင်သူများမျှော်လင့်သည့် အကျိုးအမြတ်ကို ရရှိစေနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ဒေသခံတောင်သူများက လယ်ယာကဏ္ဍဆိုင်ရာ လိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးရန် လိုအပ်ချက်များကို အသီးသီးတင်ပြကြရာ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် အသားတင်စိုက်ပျိုးမြေဧရိယာ ၄၆၁၈၀၇၅ ဧကရှိပြီး ယခုနှစ်မိုးသီးနှံအဖြစ် မိုးစပါး ၁၂၈၂၉၉၅ ဧက၊ ပဲမျိုးစုံ ၉၇၉၂၁၀ ဧကနှင့် ဆီထွက်သီးနှံအပါအဝင် သီးနှံစုံ ၄၂၉၆၅၉၇ ဧကစိုက်ပျိုးထားရှိကြောင်း သိရသည်။
 
သတင်းစဉ်

 

mdn