သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၁၉ ကမ္ဘာ့ဘိလိယက်နှင့် စနူကာချန်ပီယံရှစ်ပြိုင်ပွဲ၏ ဘိလိယက် 150 Up ပြိုင်ပွဲ ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစ၍ မန္တလေးမြို့၌ ကျင်းပရာ မြန်မာ့ လက်ရွေးစင် ဘိလိယက်ကစားသမား နေသွေးဦး ဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။
နေသွေးဦးသည် အုပ်စုပွဲစဉ်များတွင် လေးပွဲစလုံးအနိုင်ရကာ အုပ်စုပထမဖြင့် နောက်တစ်ဆင့်တက်ရောက်ခဲ့ပြီး ၁၆ ဦး ရှုံးထွက်အဆင့်မှ စတင်ကစားခဲ့ရသည်။ နေသွေးဦးသည် ၁၆ ဦးရှုံးထွက်အဆင့်တွင် ယူတာပေါ့(ထိုင်း)ကို လေးပွဲပြတ်၊ ကွာတားဖိုင်နယ်တွင် နာမည်ကြီးကစားသမား ပီတာဂေးလ်ခရစ် (စင်ကာပူ) ကို လေးပွဲ-နှစ်ပွဲဖြင့် အနိုင်ရခဲ့သည်။
ပီတာဂေးလ်ခရစ်သည် ယခုပြိုင်ပွဲ၏ Long Up ပြိုင်ပွဲတွင် ချန်ပီယံဆုရထားသူဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ အကြိမ်ကြိမ် ရထားဖူးသူ ဖြစ်သည်။ နေသွေးဦးသည် လက်စွမ်းပြကစားကာ ပီတာဂေးလ်ခရစ်ကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ်တွင် အိန္ဒိယ ကစားသမား ကိုသရီကို ကျော်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
နေသွေးဦးသည် ကိုသရီကို ငါးပွဲ-သုံးပွဲဖြင့် အနိုင်ရကာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ နေသွေးဦးသည် နှစ်ပွဲပြတ်ဖြင့် တစ်ကြိမ်၊ သုံးပွဲ-တစ်ပွဲဖြင့် တစ်ကြိမ် ဦးဆောင်ပြီးမှ ကိုသရီက ဆက်တိုက်အနိုင်ရသောကြောင့် ၃-၃ ပွဲစီ ဖြစ်သွားကာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရသည်။
သို့သော် နေသွေးဦးသည် ပွဲငယ်နှစ်ပွဲဆက်တိုက် ၁၅၀-ဝ မှတ်၊ ၁၅၂-ဝ မှတ်ဖြင့် ပြိုင်ဘက်ကို အမှတ်မပေးဘဲ လက်စွမ်းပြ အနိုင်ယူခဲ့သည်။ မြန်မာကစားသမားများအနက် ချစ်ကိုကိုနှင့် မင်းစည်သူထွန်းမှာ ကွာတားဖိုင်နယ်၊ အောင်ဌေးမှာ ၁၆ ဦး ရှုံးထွက်အဆင့်၊ ပေါက်စနှင့် အောင်ဆန်းဦးမှာ ၂၄ ဦး ရှုံးထွက်အဆင့်မှ ထွက်ခဲ့ရသည်။
နေသွေးဦးသည် ဘိလိယက် 150 Up ပြိုင်ပွဲ ဗိုလ်လုပွဲသို့ နှစ်ကြိမ်ဆက် တက်ရောက်နိုင်ခြင်းဖြစ်ပြီး ယခုနှစ်ဗိုလ်လုပွဲတွင် အက်ဗာနီ (အိန္ဒိယ)နှင့် တွေ့ဆုံခဲ့သည်။ နေသွေးဦး၏ ဗိုလ်လုပွဲကိုစက်တင်ဘာ ၁၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။