ဥတ္တရသီရိ ၁၅ စက်တင်ဘာ
ဥတ္တရခရိုင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)မှ စာရေးဆရာမ မေသင်္ကနြ်ဟိန်(မြစ်မခ)၏ “ဘာပဲဖြစ်ဖြစ် အပြုံးနဲ့ရင်ဆိုင်ပါ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက နေပြည်တော် ဥတ္တရခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေဆွေမိုးက စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး Book Club အဖွဲ့ဝင် စာရေးဆရာများ ဖြစ်ကြသည့် စာရေးဆရာ စိန်ဝင်းနွယ်က “စိတ်နဲ့တိုက်ရတဲ့ တိုက်ပွဲ”၊ စာရေးဆရာ ရဲမွန်ကျော်က “နေ့စဉ်အလုပ်တွေထဲက ပရဟိတဖြစ်အောင် ဘယ်လိုလုပ်မလဲ”၊ စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာရေးဆရာ သဘာဝက “အပြုံးမပျက် လောကကိုရင်ဆိုင်ပါ”၊ စာရေးဆရာမက သက်သက်နွယ်က “အပြုံးစိတ်နဲ့အပြုံးမပျက် စိတ်ဖိစီးမှုဒဏ်ကို ဖြတ်ကျော်ခြင်း” နှင့် ဆရာမင်းဟိန်းခန့်က “ဝေဖန်တိုက်ခိုက်သူတွေကို ကျေးဇူးတင်လိုက်ပါ” စသည့်စာအုပ်များတွင် ပါဝင်သည့် အကြောင်းအရာများကို အသီးသီး ဆွေးနွေးခဲ့ကြသည်။
ဥတ္တရခရိုင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) အနေဖြင့် စာဖတ်ဝိုင်းများကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ယခုအကြိမ်အပါအဝင် စုစုပေါင်း (၂၂)ကြိမ်ရှိပြီဖြစ်ကြောင်း ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


