တောင်ကြီး  ၁၅  စက်တင်ဘာ

 


ယခုနှစ် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် စာပေဆိုင်ရာပြိုင်ပွဲများအပြင် အခြေခံပညာအဆင့် ပန်းချီပြိုင်ပွဲကို ထည့်သွင်းကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 


၂၀၁၉ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေး ပြန်ကြားရေး၊ မှတ်တမ်းတင်ရေး၊ ဖိတ်ကြားရေးနှင့် ပြပွဲပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၄ ရက် နံနက် ၉ နာရီက ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 


အခမ်းအနားတွင် လုပ်ငန်းကော်မတီအတွင်းရေးမှူး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးစိုးညွှန့်ရွှေက လုပ်ငန်းကော်မတီ ဖွဲ့စည်းထားရှိမှုခြေအနေများ၊ ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

 


ထို့နောက် တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲနှင့်ပိတ်ပွဲ တေးသီချင်းပြိုင်ပွဲ စိစစ်ရွေးချယ်ရေးလုပ်ငန်း၊ ဓာတ်ပုံပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းနှင့် စာပေဆိုင်ရာ ပြိုင်ပွဲများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီများမှ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြသည်။

 


တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲနှင့် ပိတ်ပွဲအတွက် ပြိုင်ပွဲဝင် တေးသီချင်းများကို ပြပွဲပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းကော်မတီက စက်တင်ဘာ  ၆ ရက်မှ စတင်လက်ခံလျက်ရှိပြီး အောက်တိုဘာ ၂ ရက် နောက်ဆုံးထား၍ လည်းကောင်း၊ စာပေဆိုင်ရာ ပြိုင်ပွဲအတွက် စာမူများကို အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထား၍လည်းကောင်း ယှဉ်ပြိုင်နိုင်ပြီး ယခုနှစ် စာပေဆိုင်ရာ ပြိုင်ပွဲတွင် ယခင်နှစ် ပြိုင်ပွဲခေါင်းစဉ်များဖြစ်သည့် ဝတ္ထု၊ ဆောင်းပါး၊ ကဗျာနှင့် ကာတွန်းပြိုင်ပွဲအပြင် အခြေခံပညာအဆင့် ပန်းချီပြိုင်ပွဲကို ထည့်သွင်းကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 


ပွဲတော်ကာလအတွင်း နေ့/ည မီးပုံးပျံပြိုင်ပွဲများ (နေ့လွှတ် အရုပ်မျိုးစုံ၊ ညမီးကြီး၊ စိန်နားပန်) မီးပဒေသာ လှည့်လည်ပူဇော်ပွဲ ပြိုင်ပွဲ၊ မသိုးသင်္ဃန်းရက်ပြိုင်ပွဲ၊ အလွတ်တန်းဓာတ်ပုံပြိုင်ပွဲ၊ ကုန်ပစ္စည်း အရောင်းမြှင့်တင်ရေးပြပွဲနှင့် ဈေးရောင်းပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။

 


တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို လာမည့် နိုဝင်ဘာ ၄ ရက်မှ ၁၂ ရက်အထိ အဝေရာ မီးပုံးပျံကွင်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 


မျိုးညွန့်ရွှေ (မိုးနဲ)