ငဖဲ  ၁၅ စက်တင်ဘာ

 

မင်းဘူခရိုင်၊ ငဖဲမြို့နယ်     ပြည်သူ့ကျန်းမာရေးဌာန၏ ဦးဆောင်မှုဖြင့် ငဖဲမြို့နယ် ကျန်းမာရေးမှူးအသင်းနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်းတို့ ပူးပေါင်းဆောင်ရွက်သော ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် အခမဲ့ဆေးကုသပေးခြင်းလုပ်ငန်းများကို စက်တင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက မြစ်ဖျားကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးနှင့် အခြေခံပညာ အလယ်တန်းကျောင်းခွဲတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထင်ကျော်မှ အဖွင့်အမှာစကားပြောကြားပြီး ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်းဥက္ကဋ္ဌ ဦးတင်မောင်ဝင်းမှ ယင်လုံအိမ်သာစနစ်တကျသုံးစွဲရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ငဖဲမြို့နယ် ကျန်းမာရေးမှူးအသင်း အတွင်းရေးမှူး ဒေါ်သန္တာစိုး က သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် မကူးစက်တတ်သော ရောဂါများအကြောင်း၊  သွားဆရာဝန် ဒေါက်တာတင်ငြိမ်းအောင်က သွားနှင့်ခံတွင်း ကျန်းမာရေးနှင့် ငဖဲမြို့နယ် ကျန်းမာရေးမှူးအသင်းဥက္ကဋ္ဌ ဦးသက်နိုင်ဝင်းက စနစ်တကျ သွားတိုက်နည်းအကြောင်းကို အသီးသီးအသိပညာပေး ဟောပြောကြသည်။

 

ထို့နောက် မွန်းလွဲ ၁ နာရီတွင် ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထင်ကျော်နှင့် သွားဆရာဝန် ဒေါက်တာတင်ငြိမ်းအောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မြစ်ဖျားကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူ (၁၁၄)ဦးအား အထွေထွေရောဂါ စမ်းသပ်ကုသပေးခြင်းနှင့် ပြည်သူ(၁၀)ဦးအား သွားကျန်းမာရေး ကုသပေးပြီး ပဒါန်းကျေးရွာ မြတ်မြင့်မိုရ်အထူးကုဆေးခန်းမှ ဒေသခံပြည်သူ (၈၀)ဦးအား အသည်းရောင် အသားဝါ၊ ဘီပိုး၊ စီပိုး၊ သွေးအားနည်းရောဂါ၊ ဆီးချို သွေးချိုနှင့် HIV ရောဂါပိုး ရှိ၊မရှိ အခမဲ့သွေးစစ်ဆေးခြင်း၊ သွေးအုပ်စုခွဲခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မယု(ငဖဲ)