ပြင်ဦးလွင် ၁၅ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စည်သာရေလှောင်တမံ၊ စည်သာရေကူ ရေလှောင်တမံ၊ ဆင်လမ်း ရေလှောင်တမံနှင့် ဒိုးကွင်ရေလှောင်တမံတို့ရှိ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက် (EPP) ရှင်းလင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၁၈) ဒိုးကွင်ဆည်မြောင်းဧည့်ရိပ်သာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြင်ဦးလွင်မြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ (မြို့ပြ) သူရိန်ကိုကိုကျော်မှ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဆည် (၄)ဆည် အရေးပေါ် အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက် (EPP) နှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြရာ အရေးပေါ်အခြေအနေ အဆင့်(၁) ဖြစ်ပေါ်လာပါက ပြည်သူများသို့ ဆက်သွယ်အသိပေး သွားမည်ဖြစ်ပြီး အများပြည်သူများ မြင်သာသောနေရာနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် အစိမ်းရောင်အလံ လွှင့်ထူခြင်း၊ အဆင့် (၂) ဖြစ်ပေါ်လာပါက အဝါရောင်အလံ လွှင့်ထူခြင်း၊ အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခြင်း၊ အဆင့် (၃) ဖြစ်ပေါ်လာပါက အနီရောင်အလံ လွှင့်ထူခြင်း၊ အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခြင်း စသည့် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာသူများမှ ရေလှောင်တမံနှင့် ပတ်သက်ပြီး သိကောင်းစရာများ၊ ဘေးအန္တရာယ် ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်မှု အခြေအနေများကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရှင်းလင်းဖြေကြားခဲ့ပြီး တာဝန်ရှိသူများက အရေးပေါ်အခြေအနေ အဆင့်အလိုက် လွှင့်ထူရမည့် အရောင်အလံများကို ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်မျိုးထိုက် (ပြင်ဦးလွင်)


