သရက် ၁၅ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နိုင်ငံတော်ထောက်ပံ့ခွင့်ပြုငွေကျပ် ၁၂ ဒသမ ၅သန်းဖြင့် ကျေးရွာရေရရှိရေးလုပ်ငန်း ၂ ခုကို ယခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါကျေးရွာ ရေရရှိရေးလုပ်ငန်းများဖြစ်သော ဒေါင်းဘုတ်ကျေးရွာ လက်တူးတွင်းတူးဖော်ခြင်းလုပ်ငန်း အတိုင်းအတာ ခြောက်လက်မ၊ ပေနှစ်ဆယ်အနက်နှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းအား နိုင်ငံတော်ထောက်ပံ့ ခွင့်ပြုငွေကျပ် ရှစ်သန်းဖြင့်လည်းကောင်း၊ ချောင်းခွကျေးရွာ ဂါလံငါးထောင်ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း အလျား ၁၅ ပေ၊ အနံ ၁၀ ပေနှင့် အမြင့် ခြောက်ပေအား နိုင်ငံတော် ထောက်ပံ့ခွင့်ပြုငွေကျပ် ၄ ဒသမ ၅ သန်းဖြင့်လည်းကောင်း ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတိုးကြည်က ပြောသည်။
အဆိုပါရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွား၍ ဒေါင်းဘုတ်ကျေးရွာမှ အိမ်ခြေ ၁၁၅ လုံး၊ လူဦးရေ ၄၁၁ ဦးနှင့် ချောင်းခွကျေးရွာမှ အိမ်ခြေ ၈၀ လုံး၊ လူဦးရေ ၃၁၅ ဦး စုစုပေါင်း အိမ်ခြေ ၁၉၅ လုံး၊ လူဦးရေ ၇၂၆ ဦးတို့သည် သောက်သုံးရေများ လုံလောက်စွာရရှိသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူးက ဆက်လက်ပြောပြသည်။
ဆုဝေထွန်း(သရက်)


