ပွင့်ဖြူ ၁၅ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ပြည်သူများ ကြွပ်ကြွပ်အိတ်အသုံးပြု လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်နိုင်ရန် ကြွပ်ကြွပ်အိတ်အသုံးပြုမှုအစား အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူများ ပြောင်းလဲအသုံးပြုကြရေး ပညာပေးဆွေးနွေးခြင်းကို မြို့နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ယနေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ကြွပ်ကြွပ်အိတ်အသုံးပြုမှု လျှော့ချရေး ဈေးသူဈေးသားများနှင့် ဒေသခံပြည်သူများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကိုကိုအောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးမျိုးဝင်းနှင့် ဝန်ထမ်းများ၊ ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များက ပွင့်ဖြူမြို့မစည်ပင်သာယာဈေးရှိ ဈေးသူဈေးသားများ၊ ဈေးဝယ်လာသည့် ပြည်သူများနှင့် ခရီးသွားပြည်သူများအား တွေ့ဆုံ၍ ကြွပ်ကြွပ်အိတ်သုံးစွဲခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှုများ၊ ရာသီဥတုပြောင်းလဲမှုနှင့် ဘေးအန္တရာယ်ကျရောက်နေမှုများ၊ ကျန်းမာရေးဆိုးကျိုးဖြစ်စေနိုင်မှုများကို အသိပညာပေးရှင်းလင်းဆွေးနွေး ပြောကြားပြီး ကြွပ်ကြွပ်အိတ် အသုံးပြုမှုလျှော့ချရေး ပညာပေးလက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး ကြွပ်ကြွပ်အိတ်အသုံးပြုမှု လျှော့ချရေး ပြည်သူလူထုအား အသိပညာပေးခြင်းလုပ်ငန်းကို မြို့နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးနှင့် စာသင်ကျောင်းများရှိ ဈေးဆိုင်များအား စဉ်ဆက်ပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးမျိုးဝင်းထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


