ပွင့်ဖြူ ၁၅ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး တိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာကော်မတီနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို စက်တင်ဘာ ၁၅ ရက် ၊ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်ရေးနှင့် ပို့ဆောက်ဆက်သွယ်ရေးဆိုင်ရာကော်မတီဥက္ကဌ ဦးဝင်းဌေး က ပွင့်ဖြူမြို့နယ်အတွင်း ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ၊ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး တာဝန်ယူဆောင်ရွက်သည့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းနှင့် တင်ဒါလုပ်ငန်းဖြင့် ဆောင်ရွက်သည့်ကုမ္ပဏီများမှ တာဝန်ရှိသူများအား ဖွံ့ဖြိုးရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်းနှင့် အခက်အခဲများရှိပါက ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ က ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ပွင့်ဖြူမြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာန ၊ မြို့နယ် ကျန်းမာရေးဌာနနှင့် တင်ဒါလုပ်ငန်းဖြင့် တာဝန်ယူဆောင်ရွက်သည့်ကုမ္ပဏီများမှ တာဝန်ရှိသူများက ဌာနအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ဆောင်ရွက်မှုများနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများ၊ လုပ်ငန်းအားသာချက်၊ အားနည်းချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
၎င်းနောက် တာဝန်ရှိသူများမှ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး တင်ပြဆွေးနွေးချက်များအပေါ် တိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်ရေးနှင့် ပို့ဆောက်ဆက်သွယ်ရေးဆိုင်ရာကော်မတီ အဖွဲ့ဝင် ဦးစန်းကြူ က ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး သတ်မှတ်ထားသည့် လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးနိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများ ၊ ဒေသခံရပ်မိရပ်ဖများနှင့် ပူးပေါင်းပြီး အောင်မြင်အောင် ဆောင်ရွက်သွားရန် ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်ရေးနှင့် ပို့ဆောက်ဆက်သွယ်ရေးဆိုင်ရာကော်မတီဥက္ကဌ ဦးဝင်းဌေးနှင့် တာဝန်ရှိသူများက မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပွင့်ဖြူမြို့နယ် ကုန်းဇောင်းမြို့ တိုက်နယ်ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှု ၊ မြို့နယ်လမ်းဦးစီးဌာနနှင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဆောင်ရွက်သည့် ပွင့်ဖြူ - ကုန်းဇောင်း ကတ္တရာလမ်းအား ပြုပြင်ဆောင်ရွက်ပြီးစီးမှု၊ ကုန်းဇောင်း - ဂွေ့ကျေးရွာ လမ်းအရှည်တစ်မိုင် ကတ္တရာလမ်း ခင်းကျင်းပြီးစီးမှု၊ ကုန်းဇောင်း - သရက်တော လမ်းအရှည်တစ်မိုင် ကတ္တရာလမ်းခင်းကျင်းပြီးစီးမှု၊ ဥယျာဉ်ကျစ် - မဲဇလီ လမ်းအရှည်ပေ ၁၂ မိုင် ၊ ၂ ဖာလုံ ဂဝံမြေနီလမ်းခင်းကျင်းပြီးစီးမှုနှင့် အောင်ပဒေသာကုမ္ပဏီမှ တင်ဒါလုပ်ငန်းဖြင့် ဆောင်ရွက်သည့် ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် အလျား ၁၆၈ ၊ အနံ ၁၈၄ ပေ အာရ်စီနှစ်ထပ် စံပြကျောင်းဆောင် တည်ဆောက်နေမှုများကို သွားရောက်ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား ကြပ်မတ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


