နေပြည်တော် ၁၅ စက်တင်ဘာ
ကျောက်ပန်းတောင်းမြို့နယ်အသင်း (ရန်ကုန်) ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် သက်ကြီးပူဇော်ပွဲကို စွယ်တော်မြတ်စေတီတော်ဝင်းအတွင်းရှိ အရဟံဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။
အခမ်းနားသို့ ပင့်သံဃာ ၃၃ ပါး ကြွရောက်တော်မူကြပြီး ကျောက်ပန်းတောင်းမြို့နယ်အသင်း၏ ဂုဏ်ထူးဆောင်နာယက၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အခမ်းအနားသို့ တက်ရောက်ကြည်ညိုသည်။
အခမ်းအနားတွင် ကျောက်ပန်းတောင်းမြို့နယ်အသင်း၏ ဉက္ကဋ္ဌ ဗိုလ်မှူးကြီး နေဝင်း (ငြိမ်း)က အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ လျှောက်ထားပြီးအသင်း၏ ဂုဏ်ထူးဆောင်နာယက ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။ ဆက်လက်၍ သရက်တောသာမဏေကျော် ကျောင်းဆရာတော် ဘဒ္ဒန္တ သံဝရ (အဂ္ဂမဟာပဏ္ဍိတ)ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ကျောက်ပန်းတောင်း အသင်းသူ အသင်းသားများက ဆရာတော်သံဃာတော်များကို ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ဣစ္ဆာသယကျောင်းဆရာတော် ဘဒ္ဒန္တခေမိန္ဒ (အဂ္ဂမဟာပဏ္ဍိတ)ထံမှ အနုမောဒနာ တရားချီးမြှင့်ကာ ရေစက်သွန်းချ အမျှပေးဝေသည်။
ယင်းနောက် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး မွန်းလွဲပိုင်းတွင် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာတွင် ပထမဦးစွာ အသင်းဥက္ကဋ္ဌ ဦးနေဝင်းက နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အဖိုးအဖွားများအား ကန်တော့ကြခြင်း၊ ကန့်တော့ခံအဖိုး ဦးတင်ဝမ်းမောင်က သြဝါဒစကားပြောကြားခြင်း၊ အသင်း၏ နာယက ဦးကျော်က နိဂုံးချုပ်အမှာစကားပြောကြားခြင်း၊ အသင်းဥက္ကဋ္ဌ ဦးနေဝင်းက နိဂုံးချုပ်အမှာစကားပြောကြားသည်။
အခမ်းအနားတွင် အဖိုး (၆၁)ဦး၊ အဖွား (၆၈)ဦး၊ စုစုပေါင်း (၁၂၉)ဦးတို့အား ပူဇော်ကန်တော့ ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


