ရန်ကုန် ၁၅ စက်တင်ဘာ
မြန်မာ ယူ-၁၆ အသင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၆ ခြေစစ်ပွဲအတွက် အပြီးသတ်ကစားသမား ၂၃ ဦးရွေးချယ်လိုက်ပြီဖြစ်သည်။
မြန်မာ ယူ-၁၆ အသင်းသည် ခြေစစ်ပွဲအတွက် ရွေးချယ်လေ့ကျင့်လျက်ရှိသည့် ပဏာမကစားသမား ၂၇ ဦးအနက် လေးဦးလျှော့ချခဲ့ခြင်းဖြစ်ပြီး အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာ ယူ-၁၆ အသင်းတွင် နည်းပြချုပ်-ဦးမင်းသူ၊ လက်ထောက်နည်းပြ-ဦးဘိုဘိုအောင်၊ ဦးတင်မောင်ဝင်း၊ ဂိုးနည်းပြ-ဦးဇော်လင်း အောင်၊ ဂိုး-ထက်အာကာလင်း၊ ဟံသာလင်း၊ အောင်ကျော်ဖြိုး၊ နောက်တန်း-ထူးမြတ်ခန့်၊ ထွန်းထွန်း ဝင်း၊ ကောင်းထက်ပိုင်၊ လာဘ်ဝေဖုန်း၊ ကောင်းခန့်ကျော်၊ စိုင်းစိုင်းအံ့ထူး၊ မိုးခန့်၊ ကောင်းခန့်ကျော်၊ ကျော်ကျော်လင်း၊ ဝေယံလင်းသူ၊ အလယ်တန်း-ထက်အောင်ဝင်း၊ ကောင်းဇော်လင်း၊ ကျော်မင်းခန့်၊ မင်းသူ၊ သန်းတိုးအောင်၊ ဝေဘုန်းမြင့်ကျော်၊ ရှေ့တန်း-ရန်နိုင်ထွန်း၊ မင်းခန့်သူ၊ ဇင်မျိုးအောင်၊ အောင်သီဟပိုင်တို့ ပါဝင်ကြသည်။ မြန်မာ ယူ-၁၆ အသင်းနည်းပြချုပ် ဦးမင်းသူသည် အပြီးသတ်ရွေးချယ်ရာတွင် ဒဏ်ရာရနေသည့် ကစားသမားသုံးဦးနှင့် ဂိုးသမားတစ်ဦးကို ချန်လှပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းသည် အာရှခြေစစ်ပွဲအတွက်သြဂုတ် ၇ ရက်တွင် စတင်လေ့ကျင့်ခဲ့ပြီး လက်ရှိနည်းပြ ဦးမင်းသူမှာလည်း ခြေစစ်ပွဲအတွက် အသစ်ပြောင်းလဲခန့်အပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းသည် ခြေစစ်ပွဲမစတင်မီ မန္တလေးမြို့၌ ကျင်းပသည့် လေးနိုင်ငံ ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲနှင့် ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် ဗီယက်နမ် ယူ-၁၅ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
မြန်မာအသင်းသည် အာရှ ယူ-၁၆ ခြေစစ်ပွဲ အုပ်စု (K) တွင် တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်တိုင်ပေတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး စက်တင်ဘာ ၁၈ ရက်မှ ၂၂ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် ခြေစစ်ပွဲအဖြစ် စက်တင်ဘာ ၁၈ ရက်တွင် ထိုင်းအသင်း၊ စက်တင်ဘာ ၂၀ ရက်တွင် တောင်ကိုရီးယားအသင်း၊ စက်တင်ဘာ ၂၂ ရက်တွင် တရုတ်တိုင်ပေအသင်းတို့နှင့် ကစားရမည်ဖြစ်ပြီး ပွဲအားလုံးကို ညနေ ၆ နာရီတွင် စတင်မည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်