ရန်ကုန် ၁၅ စက်တင်ဘာ
ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရန်အတွက် အကြိုပြင်ဆင်ခြင်းလုပ်ငန်းများကို တစ်နှစ်ကြာဆောင်ရွက်ခဲ့ပြီး စီမံကိန်းကာလမှာ ၃ နှစ်ကြာမြင့်မည်ဖြစ်သည်။ ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ဂျပန်နိုင်ငံ JICA ၏ ODA ချေးငွေဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ပြီး စီမံကိန်းတစ်ခုလုံးအတွက် အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးလမ်းပိုင်းသည် လက်ရှိတွင် ပြေးဆွဲချိန် ၁၄ နာရီ ကြာမြင့်ကာ အချို့ရထားများသည် ၁၇ နာရီ မှ ၁၈ နာရီအထိ ကြာမြင့်သော်လည်း အဆင့်မြှင့်တင်ပြီးနောက်ပိုင်းတွင် ရန်ကုန်ဘူတာကြီးမှ မန္တလေး ဘူတာကြီးအထိ ၈ နာရီဖြင့် သွားလာနိုင်မည်ဖြစ်သည်။ အဆင့်မြှင့်တင်ပြီးရထားလမ်းပိုင်းတွင် ရထားများကို ကီလိုမီတာ ၁၀ဝ နှုန်းဖြင့် ပြေးဆွဲနိုင်မည်ဖြစ်သည်။
ရန်ကုန်-မန္တလေးရထားလမ်းပိုင်းမှာ ခရီးရှည် ၃၈၅ မိုင်ရှိရာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ရာတွင် ရထားလမ်းတာပေါင်နှင့် ရထားလမ်းအဆင့်မြှင်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရထား လမ်းတံတားများ၂၃၉ စင်း ပြုပြင်တည်ဆောက်ခြင်း (ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် တံတားစုစုပေါင်း ၈၀ဝ ကျော်ရှိပြီး ရန်ကုန်-တောင်ငူလမ်းပိုင်းတွင် ၂၃၉ စင်းရှိသည်)လုပ်ငန်း၊ ရထားလမ်းဘူတာများ ပြုပြင်ခြင်း လုပ်ငန်းတွင် လမ်းတစ်လျှောက် ဘူတာပေါင်း ၉၆ ဘူတာရှိသည့်အနက် ပထမအဆင့်အနေဖြင့် အမြန် ရထားပြေးဆွဲသည့်အခါ ရပ်တန့်မည့်ဘူတာအကြီး ၁၀ ဘူတာကို ပြုပြင်သည့်လုပ်ငန်း၊ ရထားလမ်းပလက် ဖောင်းနှင့် အချက်ပြများပြုပြင်ခြင်း၊ ကားလမ်းကူး Level crossing များ ပြုပြင်ခြင်းလုပ်ငန်း၊ ရထားလမ်းပိုင်းတွင် ပြေးဆွဲရန်အတွက် DEMU (Diesel Electric Multiple Unit) ရထားတွဲဆိုင်း ၂၂၀ ကိုဝယ်ယူခြင်း၊ ရထားတွဲများ ပြုပြင်ထိန်းသိမ်းရန်အတွက် အလုပ်ရုံကြီးတစ်ရုံကို ရွာသာကြီးဘက်တွင် တည်ဆောက်ခြင်းလုပ်ငန်း၊ ရထားသွားလာမှုအား ကွန်ပျူတာဖြင့် ထိန်းသိမ်းသည့်စနစ်နှင့် ဘူတာများ၌ လျှပ်စစ်မီးရရှိရေးအတွက်ကိုလည်း ဘူတာပေါင်း ၉၆ ဘူတာတို့တွင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ ပထမပိုင်းအနေနဲ့ ရန်ကုန်ဘူတာကြီးအထွက် ပုဇွန်တောင်က နေ တောင်ငူအထိ ပထမအပိုင်းအနေနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ၁၆၆ မိုင်ရှိပါတယ်။ အဲဒီမှာမှ အပိုင်း ၃ ပိုင်း ထပ်ခွဲပြီးတော့ ဂျပန်ကန်ထရိုက်တာ ၃ ဖွဲ့နဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ပထမပိုင်းကတော့ ပုဇွန်တောင် ကနေ ပဲခူးကြားကို ဂျပန်ကန်ထရိုက်တာတစ်ဖွဲ့နဲ့ ဆောင်ရွက်မှာဖြစ်ပြီးတော့ ပဲခူးနဲ့ ညောင်လေးပင်အကြား ကို အလယ်ပိုင်းအနေနဲ့ နောက်ထပ်တစ်ဖွဲ့နဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ညောင်လေးပင်နဲ့ တောင်ငူအပိုင်း ကိုတော့ နောက်ထပ်တစ်ဖွဲ့ပေါ့။ စုစုပေါင်း ဂျပန်ကန်ထရိုက်တာ ၃ ဖွဲ့နဲ့ တစ်ပြိုင်နက်တည်းဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု မြန်မာ့မီးရထား အထွေထွေမန်နေဂျာ(မြို့ပြအင်ဂျင်နီယာဌာန) ဦးမောင်မောင်သွင်က ပြော ကြားသည်။
ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရာတွင် အဆင့် (၂) ဆင့်ဖြင့် လုပ်ငန်းဆောင်ရွက်မည်ဖြစ် ပြီး အဆင့်(၁) ရန်ကုန်-တောင်ငူလမ်းပိုင်းသည် ၁၆၆ မိုင်ရှည်လျားကာ အဆင့် (၂)ဖြစ်သည့် တောင်ငူ-မန္တလေးလမ်းပိုင်းသည် ၂၁၉ ဒသမ ၅ မိုင် အရှည်ရှိကြောင်း သိရသည်။
အဆင့်(၁)ဖြစ်သည့် ရန်ကုန်-တောင်ငူအဆင့်မြှင့်လမ်းပိုင်းတွင် မူလ နှစ်လမ်းသွားစနစ်မှ တစ်လမ်းသွား စနစ်သို့ ယာယီပြောင်းလဲ ပြေးဆွဲမည့်အစီအစဉ်အဖြစ် ရွာသာကြီးနှင့်ပဲခူးအကြားတွင် အဆန်လမ်းကို ရထားသွားလာရေးအတွက် အသုံးပြုမည်ဖြစ်ပြီး အစုန်လမ်းကို လမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် မည်ဖြစ်သည်။ ပဲခူးနှင့် ဘုရားကြီးအကြားတွင် အစုန်-အဆန်လမ်းများ ဆက်လက်ထားရှိပြိး ဘုရားကြီးနှင့် ညောင်လေးပင်လမ်းပိုင်းတွင် အဆန်လမ်းကို ရထားပြေးဆွဲခြင်းကို ဆောင်ရွက်မည်ဖြစ်ကာ အစုန်လမ်းပိုင်း ကို ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်မည်ဖြစ်သည်။ ညောင်လေးပင်နှင့် ညောင်ခြေထောက်လမ်းပိုင်းတွင် အဆန်လမ်းကို ရထားလမ်းပြုပြင်မည်ဖြစ်ပြီး အစုန်လမ်းကို ရထားသွားလာရေးအတွက် အသုံးပြုမည် ဖြစ်သည်။
အဆင့်(၂) အနေ ရွာသာကြီးနှင့်ထုံးကြီးအကြား အဆန်လမ်းကို ရထားသွားလာရေးအတွက်အသုံးပြုမည် ဖြစ်ပြီး အစုန်လမ်းကို ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီး ထုံးကြီးနှင့်ပဲခူးကြားတွင် အဆန်လမ်း ကိုပြုပြင်ပြီး အစုန်လမ်းကို ရထားသွားလာခြင်းဆောင်ရွက်မည်ဖြစ်သည်။
ထိုသို့ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်းကို အဆင့်ပေါင်း ၁၂ ဆင့်ဖြင့် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများကို နှစ်အလိုက်၊ လအလိုက်လုပ်ငန်းများအဖြစ် လျာထားဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်း၏ အဆင့်(၂)ဖြစ်သည့် တောင်ငူ-မန္တလေးလမ်းပိုင်းအတွက် အသေးစိတ်ဒီဇိုင်းရေးဆွဲခြင်းကို JICA အကူအညီဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၊ မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်း ပိုင်း၊ ပဲခူး-မော်လမြိုင်လမ်းပိုင်း၊ ရန်ကုန်မြို့ပတ်လမ်းပိုင်းဟူ၍ အဓိကရထားလမ်းပိုင်းကြီး ၅ ခုရှိပြီး ရန်ကုန် မြို့ပတ်လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတို့ကို JICA အကူအညီဖြင့် ချေးငွေဖြင့်ဆောင်ရွက်နေ ခြင်းဖြစ်သည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


