မန္တလေး ၁၆ စက်တင်ဘာ
၂၀၁၉ ခုနှစ်၊ မြန်မာ့ဘိလိယက်ဖိတ်ခေါ်ပြိုင်ပွဲ မန္တလေးကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို စက်တင်ဘာလ ၁၅ ရက် ညနေ ၆ နာရီက ချမ်းမြသာစည်မြို့နယ်ရှိ Pullman Hotel တွင် ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် ကမ္ဘာ့ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဌ Mr.Mubarakတို့က အဖွင့်အမှာ စကားပြောကြားပြီး မြန်မာ့ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမင်းနိုင်က မန္တလေးမြို့တွင် ကမ္ဘာ့ ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
“မနှစ်က အခက်ခဲတစ်ခုကြောင့် နေပြည်တော်မှာ လုပ်မယ်လို့ ကမ္ဘာ့အဖွဲ့ချုပ်ကို အကြောင်းကြားတဲ့အခါမှာ ရန်ကုန်ကနေ ကီလို ၁၀ဝ ထွက်ရင် မငြိမ်းချမ်းဘူးလို့ အနောက်နိုင်ငံက သူတွေက သိထားတယ်။ နေပြည်တော်မှာ လုပ်ရင် ကစားသမားတွေလာမှာ မဟုတ်ဘူးလို့ ပြောထားတာ ရှိပါတယ်။ အဲဒါကြောင့် အခုပြန်လည် ကျင်းပခွင့် ရတဲ့အခါမှာ ရန်ကုန်ကနေ ကီလိုတစ်ရာမဟုတ်ပါဘူး။ ကီလို ၇၀ဝထွက်ရင်လည်း ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းတယ်ဆိုတာ ကမ္ဘာ့အဖွဲ့ချုပ်က လူတွေကိုရော ကမ္ဘာတစ်ဝန်းစိုးရိမ်နေကြတဲ့ သူတွေကိုရော ပြချင်တဲ့အတွက် မန္တလေးမှာ ကျင်းပခြင်းဖြစ်ပါတယ်။” ဟု မြန်မာ့ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမင်းနိုင်က ပြောသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် ISF. Myammar BillGovd Open Log up Mandalay Myanmar 2019 ပြိုင်ပွဲတွင် ပထမဆုရရှိသော စင်ကာပူနိုင်ငံမှ မစ္စတာ Peter Gilchrist ၊ ဒုတိယဆုရရှိသော ထိုင်းနိုင်ငံမှ မစ္စတာ Praprut Chaithanasakun၊ တတိယဆုရရှိကြသော မြန်မာနိုင်ငံမှ ဦးပေါက်စနှင့် ကိုနေသွေးဦးနှင့် ISF. Billiad Championship 150 up Mandalay Myanmar 2019ပြိုင်ပွဲတွင် ပထမဆုရရှိသော အိန္ဒိယနိုင်ငံမှ မစ္စတာ Pankaj Advan ၊ ဒုတိယဆုရရှိသော မြန်မာနိုင်ငံမှ ကိုနေသွေးဦး၊ တတိယဆုရရှိသော အိန္ဒိယနိုင်ငံမှ မစ္စတာ Sourap Kothariနှင့် အင်္ဂလန်နိုင်ငံမှ မစ္စတာ Mike Russell အား ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။
“ကျွန်တော်ကစားတဲ့ နေရာမှာ နည်းစနစ်ပိုင်း အားနည်းတာတွေ ကြိုတင်ပြင်ဆင်ပြီး လေ့ကျင့်ပါတယ်။ နည်းပြတွေခေါ်ပြီး လေ့ကျင့်တယ်။ အခုဆို ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ အဆင့်ရောက်လာပါပြီ။ အရင်တုန်းကဆို အရှေ့တောင်အာရှ၊ အာရှနဲ့ ကမ္ဘာ့အဆင့်တွေ ဝင်ပြိုင်တယ်ဆိုတာ ပြိုင်ရုံသက်သက်အဆင့်ဘဲရှိတာ။ အခုဆို ကျွန်တော်တို့က အရှေ့တောင်အာရှမှာလည်း ဆုတွေယူပြီးသွားပြီ။ အာရှအဆင့်မှာလည်း ဆုတွေယူပြီးသွားပြီ။ ကမ္ဘာအဆင့်ပြိုင်ပွဲတွေမှာလည်း တန်းတူရည်တူ ယှဉ်ပြိုင်နိုင်တဲ့ ကစားသမားတွေ အများကြီးရှိလာပြီ” ကိုနေသွေးဦးမှ ပြောသည်။
စနူကာ ကစားနည်းကို စက်တင်ဘာလ ၁၆ ရက်နေ့မှ စက်တင်ဘာလ ၂၅ ရက်နေ့ထိ ကျင်းပသွားမှာ ဖြစ်ကြောင်း၊ စနူကာကို ပြိုင်ပွဲ ၅ မျိုးဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဘိလိယက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကစားသမား ၁၀ ယောက်ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် နိုင်ငံ ၂၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။
တင်ဇာလှိုင် (ပြန်/ဆက်)


