မန္တလေး ၁၆  စက်တင်ဘာ    


၂၀၁၉ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၂၈ လမ်းနှင့် ၆၈ လမ်းထောင့်ရှိ အမှတ်(၁၆)အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာ ခန်းမတွင် ကျင်းပသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က လူသားများ ဆောင်ရွက်ချက်များကြောင့် အိုဇုန်းလွှာ ပျက်စီးရခြင်းအကြောင်း၊ အိုဇုန်းလွှာ၏ အရေးပါပုံ၊ “၃၂ နှစ်ကြာ အောင်မြင်မှု အိုဇုန်းလွှာက သက်သေပြု” ဟူသော ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသော ဆောင်ပုဒ်ကို သတ်မှတ်ထားကြောင်းနှင့် အိုဇုန်းလွှာပျက်စီးပါက လူနှင့်သတ္တဝါများ ခံစားရမည့် ဆိုးကျိုးများ အကြောင်းနှင့် အိုဇုန်းလွှ ာပျက်စီးနေမှုအား ဝိုင်းဝန်းထိန်းသိမ်းပါက ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ရေး စာချုပ်နှင့်အညီ လာမယ့် အနှစ်(၄၀)မှ အနှစ်(၅၀)အတွင်း အိုဇုန်းလွှာသည် ၁၉၈၀ ပြည့်နှစ်မတိုင်မီ အနေအထားကို ပြန်လည်ရောက်ရှိလိမ့်မယ်လို့ သိပ္ပံပညာရှင်များက ခန့်မှန်းထားကြကြောင်း ပြောကြားခဲ့သည်။


မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာတင်မင်းမောင်က ၂၀၁၉ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ သဝဏ်လွှာအား ဖတ်ကြားပြီး ဝန်ကြီးချုပ်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဝန်ကြီးက အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ စကားရည်လုပွဲနှင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုများ ရရှိကြသော ကျောင်းသား၊ကျောင်းသူများနှင့် အ.ထ.က (၁၆) နှင့် အ.ထ.က(၁၄)တို့မှ ကျောင်းအုပ်ဆရာမကြီးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်၍ ၂၀၁၉ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “ ၃၂နှစ်ကြာ အောင်မြင်မှု အိုဇုန်းလွှာက သက်သေပြု” အသိပညာပေးဗီဒီယိုဖိုင်အား ပြသကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။


ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ဘာအိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။ 


တင်ဇာလှိုင် (ပြန်/ဆက်)