မကွေး စက်တင်ဘာ ၁၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံးကကြီးမှုး၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှု အခြေခံသင်တန်းကို ယနေ့ နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရှိလူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ကြောင်း သိရသည်။
ဖွင့်ပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်နိုင်ရန် ကြိုတင်စီမံချက်များ ရေးဆွဲနိုင်ရေး၊မိမိရပ်ရွာ၊ မိမိဒေသရှိ ပြည်သူများ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်စောင့်ရှောက်နိုင်ရေး အလေ့အကျင့်ကောင်းများနှင့် အသိ ပညာဗဟုသုတများ နားလည်စေ ရန် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းတွင် သဘာဝဘေးအန္တယ်ရာ စီမံခန့်ခွဲမှုဉပဒေ၊ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝေါဟာရများနှင့် သဘောတရားများ၊မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များ၊ သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များ၊ရှေးဦးပြုစုခြင်းများ၊ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ဘေး အန္တရာယ် ကြောင့်ဆုံးရှုံးနိုင်ခြေလျှော့ချခြင်းကို ထည့်သွင်းရေးဆွဲ ခြင်း၊ရာသီဉတုပြောင်းလဲမှု ဖြစ်စဉ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များ၊ ရပ်ရွာလူထုအခြေခံသော ဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ အရေးပေါ် ဆက်သွယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ခြင်း စသည့်အကြောင်းအရာတို့ဖြင့် စက်တင်ဘာ ၁၆ ရက်နေ့မှ၂၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည် ဖြစ်သည်။
အဆိုပါ သင်တန်းသို့ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှသင်တန်းသား ၂၅ ဦးတက်ရောက်ပြီး၊ အုပ်စုအဖွဲ့အလိုက် အပြန်အလှန်ဆွေးနွေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးပြန်/ဆက်


