မကွေး ၁၆  စက်တင်ဘာ 


သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ပင်မလုပ်ငန်းစဉ်တွင် ပါဝင်သည့် Action Plan (၂၀၁၈-၂၀၁၉ မှ ၂၀၂၂-၂၀၂၃) စီမံကိန်းအရ မကွေးတိုင်းဒေသကြီးအတွင်းမှ ကျေးရွာ(၅)ရွာနှင့် အခြေခံပညာစာသင်ကျောင်း (၅)ကျောင်းတို့ကို မကွေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမှိုက်ကင်းစင်စံပြဆုများ ပေးအပ်ချီးမြှင့် လိုက်ကြောင်း သိရသည်။


စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့၊ နန်းထိုက်သူဟိုတယ်တွင် ပြုလုပ်သည့် ၂၀၁၉ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ချီးမြှင့်လိုက်ခြင်းဖြစ်ပြီး အမှိုက်ကိုစနစ်တကျစွန့်ပစ်ခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စိတ်ကူးဉာဏ်ဖြင့်ဆောင်ရွက်ခြင်းတို့အပြင် ကျေးရွာနေပြည်သူများ၏ ပူးပေါင်းပါဝင်မှု၊ ကျောင်းအတွင်းအပြင် နေ့စဉ် သန့်ရှင်းရေး ဆောင်ရွက်မှု စသည့်အချက်များအပေါ် အမှတ်ပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 


 “အမှတ်ပေးစည်းမျဉ်းတွေနဲ့အညီ ဒီဆုတွေကိုရွေးချယ်ခဲ့တာပါ။ နောင်နှစ်တွေမှာလည်း အမှိုက်ကင်းစင် ကျေးရွာ၊ အမှိုက်ကင်းစင်ကျောင်းတွေကို ရွေးချယ်ပြီး ဆုတွေချီးမြှင့်ပေးသွားမှာပါ” ဟု မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းကိုကို က ပြောသည်။


အမှိုက်ကင်းစင်ကျေးရွာပြိုင်ပွဲတွင် ပထမဆုကို ဂန့်ဂေါမြို့နယ်၊ ဇဟောကျေးရွာ၊ ဒုတိယဆုကို ဆင်ပေါင်ဝဲမြို့နယ်၊ စည်ပင်လှကျေးရွာ၊ တတိယဆုကို  ဆိပ်ဖြူမြို့နယ်၊ ဂွေးပင်ကျေးရွာ၊ စတုတ္ထဆုကို မြို့သစ်မြို့ နယ်၊ ဆားတဲကျေးရွာ ပဉ္စမဆုကို ငဖဲမြို့နယ်၊ ပင်ဦးကျေးရွာတို့ကရရှိခဲ့ကြောင်း၊ အမှိုက်ကင်းစင်ကျောင်းပြိုင်ပွဲတွင် ပထမဆုကို ဂန့်ဂေါမြို့နယ်၊ အထက၊ မင်းရွာကျောင်း၊ ဒုတိယဆုကို ဆိပ်ဖြူမြို့နယ်၊ အထက ဂွေးပင်ကျောင်း၊ တတိယဆုကို ငဖဲမြို့နယ်၊ အထက ပန်းတိမ်ကျောင်း၊ စတုတ္ထဆုကို မြိုု့သစ်မြို့နယ် အထက၊ ချောက်ကြားကျောင်း၊ ပဉ္စမဆုကို ဆင်ပေါင်ဝဲမြို့နယ်၊ အမက ရွာသစ်ကျေးရွာတို့က ရရှိခဲ့ကြောင်း သိရသည်။


ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ပညာပေးဗီဒီယို ပြသခြင်းများလုပ်ဆောင်ခဲ့ပြီး အထိမ်းအမှတ်ဆိုင်ရာ စာစီစာကုံး၊ ကာတွန်း၊ ပန်းချီနှင့် ဆောင်းပါးဆုရသူများကိုလည်း ဂုဏ်ပြုချီးမြှင့်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 


ဇေယျတု(မကွေး)