နေပြည်တော် ၁၆ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဖလား မြို့နယ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များနှင့် ဆုပေးပွဲကို ယနေ့တွင် ရန်ကုန်မြို့ရှိ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကွင်းအမှတ်(၁)၌ ကျင်းပသည်။
ဗိုလ်လုပွဲစဉ်များအပြီးတွင် ပွဲစဉ်အလိုက် ပထမ၊ ဒုတိယ၊တတိယ ဆုရရှိသူ များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ရန်ကုန်တိုင်းပြေးခုန်ပစ် ဆပ်ကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ကြသည်။
ထို့နောက် မြို့နယ်အခြေခံပညာ ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပထမ တံခွန်စိုက်ဖလား ရရှိသွားသည့် လမ်းမတော်မြို့နယ်အသင်းအား ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းမှ တံခွန်စိုက် ဆုဖလားပေးအပ်သည်။
ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် သည် ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယ ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ် စက်တင်ဘာ(၁၇)ရက်မှ အောက်တိုဘာ(၂၀) ရက်အထိ တင်းနစ်အားကစားနည်း ပူးတွဲလေ့ကျင့်မှုနှင့် ကူမင်း အပြည်ပြည် ဆိုင်ရာ တင်းနစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်၊ စက်တင်ဘာ(၂၄)ရက်မှ အောက်တို ဘာ(၇)ရက်အထိ ကာတာနိုင်ငံတွင် ကျင်းပမည့် (၅၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပြေးခုန်ပစ် အဖွဲ့ချုပ်ညီလာခံသို့ တက်ရောက်ရန်နှင့် ကမ္ဘာ့ပြေးခုန်ပစ် ဖိတ်ခေါ်ပြိုင်ပွဲ များသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့ဝင်များအားတွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
(သတင်းစဉ်)


