နေပြည်တော် ၁၆ စက်တင်ဘာ
ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ၌ ဗီယက်နမ်နိုင်ငံ လေ့လာရေးခရီးစဉ် အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနား၌ မြေယာဆိုင်ရာပြုပြင်ပြောင်းလဲရေးနှင့် သက်ဆိုင်သည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဆိုင်ရာမူဝါဒများ၊ လယ်ယာစိုက်ပျိုးမြေအသုံးချမှုနှင့် စီမံခန့်ခွဲမှုများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး၊ မြေယာဆိုင်ရာဥပဒေများ ရေးဆွဲနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဗီယက်နမ်နိုင်ငံမှ လေ့လာခဲ့ရသည့် ဗဟုသုတ၊ အတွေ့အကြုံများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ပြန်လည်သုံးသပ် ဆွေးနွေးကြသည်။
အခမ်းအနားသို့ ပြည်သူ့လွတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဉီးခင်မောင်ဝင်း၊ အတွင်းရေးမှူး ဉီးကျော်စိုးလင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်လင်း၊ အတွင်းရေးမှူး ဦးမောင်မောင်ဦး၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်၊ အတွင်းရေးမှူး ဦးသိန်းထွန်းနှင့် ကော်မတီအဖွဲ့ဝင် ဦးဇော်မင်းလွင်၊ အမျိုးသားလွှတ်တော ်ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဒေါ်အုန်းကြည်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ဒေါ်မမလေး၊ တောင်သူ လယ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးဘမျိုးသိန်း၊ အတွင်းရေးမှူး ဦးစိုးလေးနှင့် အဖွဲ့ဝင် ဦးစိုင်းလုံစံခတ်၊ ပြည်သူတို့၏ တိုင်းကြားစာဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးလှမြင့်သန်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှုဗဟိုကော်မတီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိသူများနှင့် Landesa အဖွဲ့မှ Country Director Dr.Mark West ခေါင်းဆောင်သောအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)


