နေပြည်တော် ၁၆ စက်တင်ဘာ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက်မှုများအား စနစ်တကျ အသိပညာပေးနိုင်ရေးအတွက် ပံ့ပိုးကူညီလျက်ရှိသည့် Suu Foundation မှ Road Safety Special Advisor ဖြစ်သူ Prof. Dr. Shaw Voon Wong နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ဦးစားပေးဆောင်ရွက် လျက်ရှိသည့်ကိစ္စ၊ UNECE Regulation No.22 အား လက်ခံကျင့်သုံးနိုင်ရေးဆိုင်ရာကိစ္စ၊ မော်တော် ဆိုင်ကယ် ဘေးကင်းလုံခြုံရေးအစီအစဉ် ရေးဆွဲရေးဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၃၀) မူကြမ်း ထွက်ပေါ် ရေးအတွက် ကြိုတင်ပြုစုထားရှိရေးကိစ္စနှင့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်း မြို့တွင် ကျင်းပပြုလုပ်မည့် 3rd Global Ministerial Conference on Road Safety သို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်နိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


