ကလေး ၁၇  စက်တင်ဘာ        


ကမ္ဘာ့သာသနာပြု သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ညာဏိဿရ၏ သြဝါဒ လမ်းညွှန်မှုဖြင့် မျက်စိအထူးကုဆရာဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမြအောင် (ပါမောက္ခငြိမ်း)နှင့် ဒေါက်တာမိမိခင် (သီတဂူဆေးရုံ-စစ်ကိုင်း) စသော မျက်စိအထူးကု ဆရာဝန်ကြီးတို့မှ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား  ကလေးမြို့၊ အောင်သစ္စာရပ်ကွက်ရှိ မဟာသန္တာရုံ ကျောင်းတိုက်တွင် ဖွင့်လှစ်ထားရှိသော သီတဂူအာရောဂျဒါန ဆေးရုံတော်တွင် မျက်စိဝေဒနာရှင်များအား  အောက်တိုဘာ ၃ ရက် နေ့မှ စက်တင်ဘာ ၆ ရက် နေ့အထိ(၁၃) ကြိမ်မြောက် အခမဲ့ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။


 “ဒေသတွင်း မျက်စိဝေဒနာရှင်များအနေနဲ့ စက်တင်ဘာ ၂၅ ရက်ကစတင်ပြီး နေ့စဉ် နံနက် ၈ နာရီကနေ ၁၁ နာရီအထိ၊ မွန်းလွဲ ၁ နာရီကနေ ညနေ ၄ နာရီအထိ ကြိုတင် စာရင်းပေးသွင်းနိုင်ပါတယ်။ လာတဲ့သူအားလုံးကို လူမျိုးမရွေး၊ ဘာသာမရွေး စောင့်ရှောက်ပြီး ဆေးကုသမှုခံယူနိုင်ဖို့ဆောင်ရွက်ပေးနေပါတယ်။ ဆေးကုသဖို့ လာတဲ့ သူတွေ အားလုံးကိုလည်း စိတ်ချမ်းသာမှုရှိစေဖို့ နေရာထိုင်ခင်းကအစ လိုက်လံဆောင်ရွက်ပေးပါတယ်။ ဘာသာပေါင်းစုံကနေ မျက်စိဝေဒနာရှင် လူနာပေါင်းစုံ ဆေးလာကုကြတာဆိုတော့ သူတို့တွေအားလုံး အဆင်ပြေအောင်၊ စိတ်ချမ်းသာမှုရှိအောင် အစစအရာရာ ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ကလေးမြို့ မဟာသန္တာရုံကျောင်းတိုက် မှသီတဂူအာရောဂျဒါန ဆေးရုံတော် စောင့်ရှောက်ရေးအဖွဲ့ အုပ်ချုပ်ရေးမှူး ဆရာတော်ဘဒ္ဒန္တပုညသေဋ္ဌကမိန့်ကြားသည်။


ယနေ့အထိ မျက်စိလာရောက်ပြသသူများသည် ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများသာမက ချင်းပြည်နယ်၊ မကွေး တိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်နှင့် ချင်းတွင်းအထက်ပိုင်း ဒေသများမှ လာရောက်ကုသကြကြောင်း၊ ပထမအကြိမ်မှ (၁၂) ကြိမ်မြောက်အထိ မျက်စိဝေဒနာရှင်လူနာပေါင်း ၁၂၃၁၅ ဦးတို့ကို စစ်ဆေးစမ်းသပ် ပေးနိုင်ခဲ့ပြီး မျက်စိဝေဒနာရှင်လူနာပေါင်း ၂၄၆၄ ဦးတို့အား ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။


ချင်းတွင်းသား