လှိုင်းဘွဲ ၁၇ စက်တင်ဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း စက်တင်ဘာ ပထမပတ်က မိုးများ အဆက်မပြတ် ရွာသွန်း၍ မြစ်ရေကြီးပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေးနှင့် သန့်ရှင်းသောသောက်ရေသုံးရေကို ရရှိသုံးစွဲနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအသီးသီးတို့တွင် မြစ်ရေဖုံးလွှမ်း၍ ရေနစ်မြုပ်ဝင် ရောက်ခဲ့သည့် အများသုံး၊ အိမ်သုံး၊ ကျောင်းသုံးရေတွင်းများရှိ ညစ်ညမ်းရေများကို ရေစုပ်စက်ဖြင့် စုပ်ထုတ်ပြီး ရေမှုတ်သန့်စင်ပေးခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ကြီးကြပ်လျက် ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်စုအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ဝန်းရံမှုဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြရာ ကော့နွဲကျေးရွာအုပ်စု ကော့နွဲ၊ ရွာသစ်၊ ရွာဟောင်း၊ ကဇိုင်းကျေးရွာအတွင်း သောက်သုံးရေတွင်းများကို ရေမှုတ်သန့်စင်ပေးခဲ့ကြကြောင်း ကျေးလက်ဦးစီးဌာနမှ သိရသည်။
ထို့အပြင် ၎င်းအဖွဲ့သည် ယနေ့မှစ၍ မြို့နယ်အတွင်းရှိကျေးရွာ ၁၁ ရွာမှ သောက်သုံးရေတွင်း ၅၄ တွင်းရှိ ညစ်ညမ်းရေများကို ရေစုပ်စက်ဖြင့် စုပ်ထုတ်ပေးပြီး ရေမှုတ်သန့်စင်ခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးစောအောင်မျိုးမြင့်က ပြောသည်။
မြို့နယ်ကျေးလက်ဦးစီးဌာနမှ ရေမှုတ်သန့်စင်ပြီးသည့် သောက်သုံးရေတွင်းများကို မြို့နယ်ကုသရေးဦးစီးဌာန၏ ညွှန်ကြားချက်ဖြင့် ရပ်ကွက်၊ ကျေးရွာများရှိ ကျန်းမာရေး ဆရာဆရာမများက ကလိုရင်းဆေးများ လိုက်လံခတ်ပေးမည်ဖြစ်ကြောင်းသိရသည်။
ငြိမ်းသူ


