ပွင့်ဖြူ ၁၇ စက်တင်ဘာ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်း တောင်သူများ ချေးငွေကိစ္စရပ်များနှင့် ပတ်သက်ပြီး သိရှိနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်သည့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် JICA (TSL) ချေးငွေသင်တန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲရုံး၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းလွင်က မြို့နယ်အတွင်း တောင်သူများ လယ်ယာထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ပြီး စားနပ်ရိက္ခာဖူလုံစေရန်၊ လက်မှု လယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်လုပ်ကိုင်နိုင်ရန်၊ လုပ်သားရှားပါးမှုအခက်အခဲများကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိစေရန်နှင့် လယ်ယာသုံးစက်ကိရိယာများအသုံးပြု၍ သီးနှံများ အချိန်မီ စိုက်ပျိုးနိုင်စေရန်၊ လက်ငင်း မဝယ်ယူနိုင်သော တောင်သူများအတွက် ဘဏ်သို့ အရစ်ကျစနစ်ဖြင့် ပေးသွင်းပြီး လယ်ယာသုံး စက်ကိရိယာများ လက်ဝယ်ပိုင်ဆိုင်မှု ရရှိလုပ်ကိုင်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် JICA (TSL) ချေးငွေသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အောင်ရတနာတိုး လယ်ယာသုံးစက်ကိရိယာ ရောင်းဝယ်ရေးကုမ္ပဏီမှ အရောင်းမန်နေဂျာ ဦးကျော်စိုးလှိုင်က ရောင်းချသည့်လယ်ယာသုံးစက်ကိရိယာများနှင့် စပ်လျဉ်းပြီး အရစ်ကျစနစ်ဖြင့် ရောင်းချပေးမှုအခြေအနေများနှင့် ချေးငွေနှုန်းထားများကို အသေးစိတ် ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းကိုဖွင့်လှစ်ကာ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းလွင်နှင့် ဝန်ထမ်းများအဖွဲ့က အရစ်ကျစနစ်ဖြင့် လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူရာတွင် သိရှိရမည့် ချေးငွေမူဝါဒများ၊ ချေးငွေစည်းကမ်းချက်များ၊ ချေးငွေထုတ်ချေးရေး လုပ်ငန်းစဉ်များနှင့် ချေးငွေအမျိုးအစားများကို ကဏ္ဍအလိုက် စာတွေ့ လက်တွေ့ ဆွေးနွေးပို့ချသင်ကြားပေးခဲ့ကြသည်။
အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်း ဒေသခံတောင်သူ သင်တန်းသား ၁၅၀ ဦးခန့် တက်ရောက်သင်ကြားခဲ့ကြောင်း နှင့် သင်တန်းအား နံနက် ၁၀ နာရီခွဲမှ မွန်းလွဲ ၃ နာရီအထိ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ တောင်သူများ သီးနှံစိုက်ပျိုးရာတွင် ကြုံတွေ့နေရသည့် လုပ်သားရှားပါးမှုအခက်အခဲများ ပြေလျော့သက်သာစေရန်နှင့် သီးနှံအထွက်နှုန်းကောင်းမွန်ပြီး ကျေးလက်လူနေမှု အဆင့်အတန်းများ ပိုမိုမြင့်မားလာစေရန်၊ စားနပ်ရိက္ခာ ဖူလုံကြွယ်ဝစေရန် စသည့်ရည်ရွယ်ချက်များဖြင့် မြို့နယ်အတွင်း ၂၀၁၈ မီနီဘတ်ဂျက် နှင့် ၂၀၁၈ - ၂၀၁၉ ခုနှစ် ဘတ်ဂျက်တွင် JICA ချေးငွေဖြင့် ရိတ်သိမ်းခြွလှေ့စက် ၄ စီး ၊ MEP Two Step ချေးငွေဖြင့် လယ်ထွန်စက်ကြီး၊ ရိတ်သိမ်းခြွလှေ့စက်နှင့် ပုဇဉ်းခေါင်း ထော်လာဂျီ စုစုပေါင်း လယ်ယာသုံးစက်ကိရိယာ ၃၂ စီးတို့ ဝယ်ယူဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ် ဘဏ်မန်နေဂျာ ဦးစန်းလွင် ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


