ကနီ ၁၇  စက်တင်ဘာ 

၂၀၁၉ ခုနှစ် ဆီးသီးပျားရည်ထုတ်လုပ်ရေးရာသီတွင် ကနီမြို့နယ် ပျားလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြီး အခြေခံ ပျားမွေးမြူရေးသင်တန်း(၄)ကြိမ်နှင့် ပျားမွေးမြူရေးမွမ်းမံသင်တန်း(၄)ကြိမ် ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိကြောင်း ကနီမြို့နယ်ပျားလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးဌေး၏ ပြောကြားချက်အရ သိရသည်။

ပျားမွေးမြူရေးကို စိတ်ဝင်စားသူများ တက်ရောက်လေ့လာနိုင်ရန်နှင့် ပျားမွေးမြူရေးကို ကိုယ်ပိုင်လုပ်ငန်းအဖြစ် မွေးမြူလိုသည့် ပျားရည်ထုတ်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိသော အလုပ်သမားများ အသိပညာ ဗဟုသုတများ ရရှိစေရန်၊ ခေတ်နှင့်အညီ ပြောင်းလဲအသုံးပြုလာသည့် ပျားမွေးမြူရေး နည်းစနစ်များ၊ ရောဂကုသနည်းများကို သိရှိစေရန်အတွက် သင်တန်းများအား ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း သိရသည်။

အခြေခံပျားမွေးမြူရေးသင်တန်းကို တစ်ကြိမ်လျှင်(၅)ရက်နှုန်းဖြင့် (၄)ကြိမ်ဖွင့်လှစ်သွားမည်ဖြစ်ပြီး လက်ရှိမွေးနေသော လုပ်ငန်းရှင်များကို အဆင့်မြင့်နည်းစနစ်များကို သိရှိနိုင်မည့် မွမ်းမံသင်တန်းကို တစ်ကြိမ်(၅)ရက်နှုန်းဖြင့် (၄)ကြိမ် ဖွင့်လှစ်နိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)