မိုင်းဖြတ် ၁၇ စက်တင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဖွင့်လှစ်သည့် “ဝဥ”စိုက်ပျိုးခြင်းဆိုင်ရာ နည်းစနစ်သင်တန်းကို စက်တင်ဘာလ ၁၇ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကား ပြောကြားပြီး မိုင်းဖြတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဒေသအတွင်း “ဝဥ” စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် စီးပွားရေး တွက်ခြေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ထားဝယ်မြို့ ဝဥစိုက်ပျိုးသူများအသင်းဥက္ကဌ ဦးဇော်သူရနှင့် သင်တန်းနည်းပြဆရာများက “ဝဥ”စိုက်ပျိုးခြင်းဆိုင်ရာ နည်းစနစ်များဖြစ်သည့် ဝဥ မူရင်းထွက်ရာဒေသ၊ ရာသီဥတုနှင့် မြေအမျိုးအစား၊ စနစ်တကျစိုက်ပျိုးနည်းနှင့် ရရှိလာမည့် အကျိုးအမြတ်များကို စာတွေ့လက်တွေ့ သင်ကြားဆွေးနွေးသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းသို့ မိုင်းဖြတ်မြို့နယ်အတွင်းမှ ဝဥစိုက်ပျိုးနည်းများကို စိတ်ပါဝင်စားကြသည့် ဒေသခံ တောင်သူများ စုစုပေါင်း ၆၅ ဦးခန့် တက်ရောက်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


