ရေနံချောင်း ၁၇  စက်တင်ဘာ 


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာန ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံးမှ ဒုတိယဆေးရုံအုပ် ဒေါ်အိအိကျော်နှင့်အဖွဲ့သည် ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအဖြစ် တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသပေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီက ညောင်လှရပ်ကွက် ရန်ကင်းရပ်ရှိ ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဒုတိယဆေးရုံအုပ်ဒေါ်အိအိကျော်က တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသပေးရခြင်း၏ ရည်ရွယ် ချက်များကို ပြောကြားပြီး ဒုတိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဝင်းက ခြင်မှတဆင့် ဖြစ်ပွားတတ်သည့် ရာသီတုတ်ကွေး ရောဂါနှင့် ဆင်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ဆောင်ရန်ရှောင်ရန်များကို အသိပညာပေးဟောပြောသည်။ ထို့နောက် တက်ရောက်လာသူများအား တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်းများ ဆောင်ရွက်ခဲ့သည်။


ထို့အပြင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်အေးအေးခိုင်က စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန် များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကိုလည်းကောင်း၊ ကလေးသူငယ်တရားဥပဒေစိုးမိုးမှုစီမံချက်(SCVG) အဖွဲ့မှ ရေနံချောင်းမြို့နယ်တာဝန်ခံ ဦးနေဝင်းနိုင်က သက်ငယ်မုဒိမ်းမှု ပပျောက်ရေးအတွက် မိဘအုပ်ထိန်းသူများနှင့် ကလေးသူငယ်များ သတိပြုလိုက်နာရမည့် အချက်များကိုလည်းကောင်း ဟောပြောပြီး အသိပညာပေးလက်ကမ်းစာ စောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ကိုစိုးကြီး