နေပြည်တော်  ၁၇    စက်တင်ဘာ 


ဒသမအကြိမ် မြန်မာ-ဗီယက်နမ် ကုန်သွယ်ရေးပူးတွဲကော်မတီ(JCT) အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပသည်။


အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Tran Quoc Khanh နှင့်ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


အစည်းအဝေးတွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်ရေးနှင့် ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရေးအတွက် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှပ်နှံမှု၊ စွမ်းအင်၊ အကောက်ခွန်ပူးပေါင်းဆောင်ရွက်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း၊ ပို့ဆောင်ဆက်သွယ်ရေး၊ စားသုံးသူအကာအကွယ်ပေးရေး၊ ဘဏ်လုပ်ငန်းကဏ္ဍတို့အပြင် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား အသေးစိတ်ဆွေးနွေးခဲ့ကြသည်။


ထိုသို့ဆွေးနွေးနိုင်ခဲ့မှုကြောင့် နှစ်နိုင်ငံကုန်သွယ်မှု ရည်မှန်းချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ သန်း (၁၀ဝ၀) ပြည့်မီရေးကိစ္စရပ်များကို ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား လုပ်ငန်းရှင်များ၊ ပြည်သူများအကြား အကျိုးကျေးဇူးရလာဒ်များ ယခင်ထက် ပိုမိုရရှိ လာနိုင်မည်ဖြစ်၍ နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် အကျိုးရှိသော အစည်းအဝေး တစ်ရပ်ဖြစ်ကြောင်း သတင်းရရှိသည်။


(သတင်းစဉ်)