ပူတာအို    ၁၇   စက်တင်ဘာ      


ကချင်ပြည်နယ် ပူတာအိုခရိုင် အစားအသောက်နှင့် ဆေးဝါးများ ကွပ်ကဲရေး ကြီးကြပ်မှု ကော်မတီဥက္ကဌ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်မှုဖြင့် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးကြီးကြပ်မှုကော် မတီဝင်များပူးပေါင်း၍ စားသုံးသူမိဘပြည်သူများ အန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက သက်တမ်းလွန်အစားအသောက်နှင့် ဆေးဝါးများ ရောင်းချခြင်း ရှိမရှိ ရှောင်တခင် စစ်ဆေးခဲ့ကြကြောင်း သိရသည်။


ပူးပေါင်းအဖွဲ့သည် လေယာဉ်ကွင်းဈေးနှင့်မြို့မဈေးအတွင်း စားသောက်ကုန်နှင့်ဆေးဝါးများ ရောင်းချလျက်ရှိသော ဆိုင်ခန်းပေါင်း(၃၀)ကို ရှောင်တခင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်းပေါင်း ရှစ်ခန်းတွင် သက်တမ်းလွန် အစားအသောက်များတွေ့ရှိသဖြင့် သက်တမ်းလွန်စားသောက်ကုန်များအား ပူးပေါင်းအဖွဲ့က သိမ်းဆည်းခဲ့ကြသည်။


ထို့အပြင် သက်တမ်းလွန် စားသောက်ကုန်များနှင့် ဆေးဝါးများ ရောင်းချလျက်ရှိသော ဆိုင်ခန်းများအား နောက်နောင်တွင် သက်တမ်းလွန် အစားအသောက်များနှင့် ဆေးဝါးများ ရောင်းချခြင်း မပြုလုပ်ရန်အတွက် ကတိဝန်ခံချက်လက်မှတ်ရေးထိုးစေပြီး သိမ်းဆည်းရမိသည့် သက်တမ်းလွန် စားသောက်ကုန် ပစ္စည်းများအား ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်။


ဖုန်ကန်(ပူတာအို)