၁၇ စက်တင်ဘာ

ဘရာဇီးအမေဇုန်မိုးသစ်တောဒေသတွင် လေယာဉ်တစ်စင်း ယနေ့ ပျက်ကျခဲ့သဖြင့် ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံ မြောက်ပိုင်းရှိ အမေဇုန်ပြည်နယ် မာနတ်စ် မြို့တော်မှ အင်ဂျင်တစ်လုံးတပ် (Cessna) အမျိုးအစား လေယာဉ်သည် ပျံတက်လျှင်ပျံတက်ခြင်း ထိန်းသိမ်းရခက်ခဲကာ သစ်တောဒေသတစ်ခုတွင် ပျက်ကျခဲ့သည်။

ဘရာဇီးလေတပ်ရဟတ်ယာဉ်များသည် ဒေသန္တရမီးသတ်ဦးစီးဌာနမှ အဖွဲ့ဝင်များတင်ဆောင်ကာ လေယာဉ်ပျက်ကျသည့် နေရာသို့သွားရောက်ကူညီခဲ့ကြပြီး ဒဏ်ရာရသူများကို ကယ်ဆယ်ခဲ့ကြသည်။

ထိုလေယာဉ်ငယ်ပေါ် ပါသူအားလုံးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး နီးစပ်ရာ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြသည်။

အဆိုပါ လေယာဉ်ပေါ်ပါ ခရီးသည်များမှာ အမေဇုန်ပြည်နယ်အလုပ်သမားများ ဖြစ်ကြောင်း သတင်းများအရ သိရသည်။

ယင်းလေယာဉ်ပျက်ကျပြီးနောက် မာနတ်စ် လေဆိပ်သည် တစ်နာရီကျော် ပိတ်ခဲ့ရပြီး လေကြောင်းလိုင်းများစွာ လမ်းကြောင်းပြောင်းပျံသန်းခဲ့ရသည်ဟု လေဆိပ်အခြေခံအဆောက်အအုံဆိုင်ရာ အင်ဖရာရိုကုမ္ပဏီ ပြောကြားချက်အရ သိရသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို