မိုးကုတ် ၁၇ စက်တင်ဘာ

မိုးကုတ်မြို့တွင် လက်လုပ်လက်စားများအား ချထားပေးမည့် ကျောက်တွင်း လုပ်ကွက်များထဲ၌ စိုက်ပျိုးမြေဧက ၁၂၀ဝ၀ ခန့်ပါဝင်နေကြောင်း မိုးကုတ်မြို့နယ် မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မင်းအောင် ထံမှသိရသည်။

မိုးကုတ်တွင် ဒေသခံများအတွက် လက်လုပ်လက်စား ကျောက်မျက်ရတနာ လုပ်ကွက်များအဖြစ် ချထားပေးရန် လျာထားသည့် မြေဧက(၈၂၂၁၉) ရှိပြီး လောင်းစင်၊ ရေဝေ၊ ပင်သပြေနှင့် ပိန်းမြစ် အစရှိသော နေရာများရှိ မြေများ ဖြစ်သည်။

ယင်းမြေနေရာများကို ဇုံသုံးခု ပိုင်းခြားသတ်မှတ်ထားပြီး ဇုန်(၁)တွင် (၆၅၆၂၈)ဧက ထဲမှစိုက်ပျိုးမြေဧက ၆၅၀ဝခန့် ဇုန် (၂)တွင် (၁၀၁၅၃) ဧကထဲမှ စိုက်ပျိုးမြေ ၂၂၀ဝ ခန့် နှင့် ဇုန် (၃)တွင် (၆၄၃၈)ဧကထဲမှ စိုက်ပျိုးမြေ ၃၃၀ဝ ခန့် ပါဝင်နေကြောင်းသိရသည် ။

"လက်လုပ်လက်စားတွေကိုချထားပေးတဲ့ဇုန်ထဲမှာက စိုက်ပျိုးမြေ ၁၂၀ဝ၀ ခန့်ရှိတယ် ။ နောက်ပြီး အလတ်စားတွေကို ချထားပေမယ့် လုပ်ကွက်ထဲမှာကစိုက်ပျိုးမြေ ၅၃၀ဝ ဧက နဲ့ သစ်တောကြိုးဝိုင်းပါတယ် " ဟု ၎င်းကပြောသည် ။ အလတ်စား ကျောက်မျက်လုပ်ကွက်များကိုလည်း ချထားပေးမည့် လုပ်ကွက်များကို ဇုန် ၃ ဇုန် သတ်မှတ်ထားပြီး မြေဧက (၁၆၁၆၀) ဧက ရှိကြောင်းသိရသည်။

အဆိုပါ လက်လုပ်လက်စားများနှင့် အလတ်စားများအားချထားပေးမည့်လုပ်ကွက်များကို မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေ ထွက်ရှိပြီးမှသာ လုပ်ပိုင်ခွင့် ချထားပေးမည်ဖြစ်ပြီး ယခုလက်ရှိအအချိန်တွင် နည်းဥပဒေက လွှတ်တော်တွင် ဆွေးနွေးနေပြီဖြစ်ကြောင်း သိရသည်။

" ခုထားပေးတဲ့နေရာတွေက ကျောက်မထွက်ဘူး။ နောက်ပြီး စိုက်ပျိုးမြေတွေကလဲ ပါနေတယ်ဆိုတော့။ ပိုပြီးတော့တောင် အဆင်မပြေဘူးပေါ့။ နေရာပြောင်းပြီး ပြန်ချထားပေးစေချင်ပါတယ် " ဟု မိုးကုတ်ဒေသခံ ဦးစိုးမြင့်ကပြောသည်။

လက်ရှိတွင်မိုးကုတ်မြို့တွင် ကျောက်အရောင်းအဝယ်နှင့် ဈေးကွက်ပြန်လည် ကောင်းမွန်လာရေး အရည်အသွေးကောင်းမွန်သည့် ကျောက်ကောင်းများရရှိရန်နှင့် ကျောက်ကောင်းများရရှိရန် ဒေသခံများအား တစ်နိုင်တစ်ပိုင်လုပ်ကွက်များချထားပေးမှုတွင် မူတည်နေကြောင်း သိရသည်။

သူရိန်လင်း