၁၇ စက်တင်ဘာ
မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ယခုလအတွင်း မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်က ကျင်းပသော International Future Series ပြိုင်ပွဲနှင့် International Challenge ပြိုင်ပွဲတို့တွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
သက်ထားသူဇာသည် ယင်းပြိုင်ပွဲနှစ်ခု ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ၌ ကျင်းပသည့် Myanmar International Series ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး တစ်ရက်အကြာမှာပင် မော်လ်ဒိုက်နိုင်ငံသို့ ထွက်ခွာလာခြင်းဖြစ်သည်။ သက်ထားသူဇာသည် မော်လ်ဒိုက်နိုင်ငံ၌ စက်တင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် International Future Series ပြိုင်ပွဲ၊ စက်တင်ဘာ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် International Challenge ပြိုင်ပွဲတို့တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။
သက်ထားသူဇာသည် International Future Series ပြိုင်ပွဲတွင် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ဆီဒင် ၁ သတ်မှတ်ခံထားရပြီး ဒုတိယအဆင့်မှ စတင်ကစားရမည်ဖြစ်သည်။ သူမ၏ ပွဲစဉ်ကို စက်တင်ဘာ ၁၈ ရက် (ယနေ့) ကျင်းပမည်ဖြစ်ပြီး မလေးရှားနှင့် တရုတ်တိုင်ပေပွဲမှ အနိုင်ရသည့် ကစားသမားနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ သက်ထားသူဇာသည် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်လျက်ရှိသည်။
သက်ထားသူဇာသည် စက်တင်ဘာ ၁၀ ရက်မှ ၁၅ ရက်အထိ ရန်ကုန်မြို့၌ ကျင်းပသည့် Myanmar International Series ပြိုင်ပွဲတွင် ချန်ပီယံဆုနှင့် လွဲချော်ခဲ့ပြီး ပူးတွဲတတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။ သက်ထားသူဇာသည် ဆီမီးဖိုင်နယ်တွင် အင်ဒိုနီးရှား ကစားသမားနှင့် တွေ့ဆုံခဲ့ပြီး ရှုံးနိမ့်ခဲ့သောကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ခြင်း ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်