နေပြည်တော် ၁၇ စက်တင်ဘာ 

ကမ္ဘာ့လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Kempinski Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကမ္ဘာတစ်ဝန်းတွင် ဆေးပညာ ဘာသာရပ်များနှင့် ဆေးပစ္စည်းကိရိယာများ ပိုမိုတိုးတက်လာသည်နှင့်အမျှရောဂါ ရှာဖွေစမ်းသပ်ခြင်းနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူနာဘေး ကင်းလုံခြုံမှု (patient safety)လုပ်ငန်းများသည် ပိုမိုအရေးကြီးလာပါကြောင်း၊ လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ သဘောတရားများသည် ကြီးမားကျယ်ပြန့်ပြီး လူနာ၏ ရောဂါရာဇဝင် မေးမြန်းစစ်ဆေးစမ်းသပ်ခြင်း၊ ကုသခြင်းမှ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းသည်အထိ လုပ်ငန်းအဆင့်တိုင်းတွင် ဘေးကင်းလုံခြုံရေးကို ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ လူနာဘေးကင်းလုံခြုံမှု၏ အရေးပါမှုကိုသိသာထင်ရှားရန်အတွက် (၇၂)ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် လူနာများဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်းတွင် ဆောင်ရွက်ရမည့်အချက်များကို အတည်ပြုချမှတ်၍ နှစ်စဉ် စက်တင်ဘာ (၁၇)ရက်ကို ကမ္ဘာ့လူနာ ဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့ (World Patient Safety Day) အဖြစ် သတ်မှတ်ခဲ့ပါကြောင်း။

လူနာဘေးကင်းလုံခြုံမှုလုပ်ငန်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစဉ် (၂၀၁၉-၂၀၂၃) တွင် အလေးထားထည့်သွင်းထားပါကြောင်း၊ ဘေးကင်းလုံခြုံမှု အားနည်းချက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုများကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် နောက်ဆက်တွဲပြဿနာများ၊ မသန်မစွမ်းဖြစ်မှုများနှင့် သေဆုံးမှုများ ဖြစ်ပွားလျက်ရှိပါကြောင်း၊ လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ငန်းများ အောင်မြင်ရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးသူများသာမက ကျန်းမာရေးစောင့်ရှောက်မှု ခံယူသူလူနာများကိုယ်တိုင် ဆေးဝါးများကို ညွှန်ကြားသည့် အကြိမ်ရေနှင့် ပမာဏအတိုင်း ပုံမှန်သောက်သုံးခြင်း၊ ချိန်းဆိုသည့်ရက်များအတိုင်း ပြသခြင်း စသည်တို့ကို လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ရောဂါရှာဖွေစမ်းသပ်မှုနှင့် ကုသမှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် ဖြစ်ပေါ်နိုင်သည့် ဘေးထွက်ဆိုးကျိုးအန္တရာယ်များ၊ ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကို လူနာများ သိရှိနားလည်ထားရန်အတွက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် လူနာများဆေးရုံမှ ဆင်းချိန်တွင် ဆက်လက်သောက်သုံးရမည့် ဆေးဝါးများ၊ ဖြစ်ပွားမှုများပြားသော ရောဂါများနှင့် ပတ်သက်၍ အသိပညာ ဗဟုသုတများပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များ ပေးအပ်ခြင်းတို့ကို လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း။

ထို့ပြင် လူနာဘေးကင်းလုံခြုံမှုနှင့် ပတ်သက်သည့် သုတေသနများကို ပိုမိုပြုလုပ်သွားရန်လိုကြောင်း၊ ဆေးကုသမှုအဆင့်တိုင်းကို ဘက်ပေါင်းစုံမှ စနစ်တကျဆန်းစစ်ခြင်း ပြုလုပ်ပြီး အရည်အသွေးလေ့လာဆန်းစစ်နိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင် (၃)ဦးနှင့် ပူးပေါင်း၍မကြာမီ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်နှင့် ရောင်းချရမည့်ဆေးဝါးများ၊ ညွှန်ကြားချက်မပါဘဲ ရောင်းချနိုင်သည့် ဆေးဝါးများကိုသတ်မှတ် စည်းကမ်းများနှင့် အညီရောင်းချရေးနှင့် စပ်ဆေးများရောင်းချမှုမရှိစေရေး အသိပညာပေးခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်းများကို ဝန်ကြီးဌာနမှ အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် Head of the Department for International Development (DFID), Myanmar မှ Dr. Rurik Marsdenနှင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Dr. Stephen Paul Jostတို့ကအမှာစကား ပြောကြားကြပြီး ဒေါက်တာ သင်းသင်းလှိုင်က "Patient Safety - Our Prime Focus" ခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ဒေါက်တာသာထွန်းကျော်တို့က Patient Safety Champions ဆုရရှိသော လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် (ခုတင်-၁၀ဝ၀ ဆံ့) ပြည်သူ့ဆေးရုံကြီး၊ ခုတင်-၃၀ဝ ဆံ့သင်ကြားရေးဆေးရုံကြီး (မန္တလေး)နှင့် ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)တို့မှ တာဝန်ရှိသူများကို ဆုများပေးအပ်ကြသည်။

ယင်းနောက် လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုခြင်းကို ဆောင်ရွက်ကြသည်။ 

သတင်းစဉ်