နေပြည်တော် ၁၇ စက်တင်ဘာ 

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရာ၌ စောင့်ကြည့်အကဲဖြတ်မည့် အမျိုးသားအဆင့်ညွှန်ကိန်း မူဘောင်တွင် ပါရှိသည့် ညွှန်ကိန်းများ၏ Metadata များ ဖော်ထုတ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Max Hotel ၌ ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ UNDP မှ ဌာနေကိုယ်စားလှယ် Mr. Peter Batchelor က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားသည်။

ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က အမျိုးသားအဆင့် ညွှန်ကိန်းမူဘောင် အစီရင်ခံစာအားလည်းကောင်း၊ UNDP မှ Senior Statistician Mr. Matthew Powell  မှ Metadata Development Process အကြောင်းအားလည်းကောင်း၊  UNDP မှ SERIP Project Manager Mr. Philipp Annawitt  မှ Requirements of the MSDP M&E System အကြောင်းအားလည်းကောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးကြသည်။

အဆိုပါဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်သည့် ကာလတစ်လျှောက်လုံးနှင့် အကောင်အထည်ဖော်ပြီး နောက်ပိုင်းကာလအထိ စီမံကိန်း၏ ထိရောက်မှု၊ စွမ်းရည်ပြည့်ဝမှု၊ ရေရှည်တည်တံ့မှုနှင့် သက်ရောက်မှုတို့ကို မျက်ခြေမပြတ် သိရှိတိုင်းတာနိုင်ရန်အတွက် ဖော်ထုတ်ထားသည့်  အမျိုးသားအဆင့် ညွှန်ကိန်းမူဘောင်တွင်ပါရှိသည့် ညွှန်ကိန်းများ၏ Metadata များ ဖော်ထုတ်နိုင်စေရန်အတွက် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်သည်။ ကဏ္ဍအလိုက် ဆွေးနွေးပွဲများကို လုပ်ငန်းအဖွဲ့(၁၂)ဖွဲ့ဖြင့် အောက်တိုဘာ ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်