ကျိုင်းတုံ ၁၇ စက်တင်ဘာ 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် KIO (ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့), MNTJP (မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ), PSLF (ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး)နှင့် ULA (ရခိုင်အမျိုးသားအဖွဲ့ချုပ်) တို့သည် ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ Amazing Kengtong Resort တွင် တွေ့ဆုံ၍ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် (Bilateral Ceasefire Agreement) လက်မှတ်ရေးထိုးနိုင်ရေးနှင့် ပတ်သက်၍ အစည်းအဝေးကျင်းပသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် “ဒီကနေ့ ငြိမ်းချမ်းရေးအစည်းအဝေးကတော့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အရေးကြီးတဲ့ အစည်းအဝေးတစ်ရပ်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နောက်ဆုံး ကျိုင်းတုံတွေ့ဆုံပွဲမှာ ကျွန်တော်တို့နှစ်ဘက်လုံး ရှေ့ဆက်မယ့်ခရီးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့ကြပါတယ်။

ပထမဆုံးအချက်အနေနဲ့ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်နိုင်ရေးကို ကျွန်တော်တို့ကြားမှာ အကြေအလည် ဆွေးနွေးနိုင်ခဲ့ပါတယ်။ အကျိုးဆက်အားဖြင့် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် တိုက်ခိုက်မှုတွေ လျော့နည်း ကျဆင်းသွားခဲ့ပါတယ်။

 နေရာဒေသအချို့မှာ ထိတွေ့မှု အနည်းငယ်ရှိနေသေးပေမယ့်လည်း အစိုးရဘက်က အဆိုပြုခဲ့တဲ့အတိုင်း မြောက်ပိုင်း (၃)ဖွဲ့အနေနဲ့ ကြေညာချက်တွေ ထုတ်ပြန်ပေးခဲ့တာလည်း တွေ့ရှိခဲ့ရပါတယ်။ ဒါဟာ လတ်တလော ကာလတိုက်ပွဲများ ဖြစ်ပွားနေချိန်မှာ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေအဖြစ် အသိအမှတ်ပြုပါတယ်။ ဒီလို အပြုသဘော ဆောင်ရွက်ချက်တွေနဲ့ ကျွန်တော်တို့ နှစ်ဘက်စလုံးအတွက် ကောင်းမွန်တဲ့ အရှိန်အဟုန်ကို ဆက်လက်ပြီး သယ်ဆောင်သွားဖို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။

ဒုတိယအချက်အနေနဲ့ နှစ်ဦးနှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် Bilateral Ceasefire Agreement ကို လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ဖို့အတွက် မြောက်ပိုင်းလေးဖွဲ့ရဲ့ အဆိုပြုချက် မူကြမ်းကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ကွဲလွဲချက် ကြီးကြီးမားမား မရှိပေမယ့် စောင့်ကြည့်ရေး အပိုင်းနဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေးဖို့ အနည်းငယ်ရှိပါတယ်။ အခု အစည်းအဝေးမှာ နှစ်ဦးနှစ်ဘက် ကြေကြေလည်လည် ဆွေးနွေးပြီးရင် လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ယခု စက်တင်ဘာလ(၂၁)ရက်နေ့ဆိုရင် တပ်မတော်ရဲ့ အပစ်ရပ်ကာလ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒီကနေ့ ပထမခြေလှမ်းအတွက်၊ သဘောတူညီချက်အတွက် တွေ့ဆုံကြတဲ့ ကျွန်တော်တို့ရဲ့ ဆွေးနွေးပွဲကို နိုင်ငံတစ်ဝှမ်းက ပြည်သူများအနေနဲ့ ပူပင်မှုများနဲ့ စောင့်ကြည့်နေကြ၊ နားစွင့်နေကြတာဖြစ်လို့ ကျွန်တော်တို့ နှစ်ဖက်လုံးဟာ တကယ်ပဲ ညှိနှိုင်းဆွေးနွေးနိုင်တဲ့၊ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်တဲ့ ကိုယ်စားလှယ်တွေအဖြစ် ကြိုးစားပေးကြဖို့ ပြောလိုပါတယ်။

တတိယအချက်အနေနဲ့ ကျွန်တော်တို့နှစ်ဘက် ရှေ့ဆက်မယ့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စ ဖြစ်ပါတယ်။ အခုပထမအဆင့်အနေနဲ့ မြောက်ပိုင်းလေးဖွဲ့လုံးနဲ့ ပဏာမသဘောတူညီချက် Bilateral Ceasefire Agreement လက်မှတ်ရေးထိုးဖို့၊ ဒုတိယအဆင့်အနေနဲ့ တစ်ဖွဲ့ချင်းနဲ့ အသေးစိတ် သဘောတူညီချက်တွေ ရရှိအောင် ဆက်လက်ပြီး ဆွေးနွေးဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ တစ်ဖွဲ့ ချင်းနဲ့ Bilateral Ceasefire Agreement ချုပ်ဆိုနိုင်ပြီးရင် တတိယအဆင့်အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် Nationwide Ceasefire Agreement- NCA ရေးထိုးနိုင်ဖို့ ဆက်လက်ပြီး ညှိနှိုင်းကြဖို့ပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေပြီးရင်တော့ နိုင်ငံရေးစားပွဲဝိုင်းမှာမြောက်ပိုင်း လေးဖွဲ့လုံးပါဝင်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနဲ့အညီ တည်ဆောက်နိုင်ဖို့ လမ်းပြမြေပုံအတိုင်း အတူတစ်ကွပူးပေါင်းဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ လတ်တလော မြေပြင်အခြေအနေအရ အရေးကြီးပါတယ်။ နှစ်ဘက်တွေ့ဆုံမှုတွေ မကြာခဏ မြန်မြန်ဆန်ဆန် တွေ့ဆုံကြဖို့လည်း လိုပါတယ်။ ဒါမှလည်း တွေ့ဆုံဆွေးနွေးမှုတွေကနေတစ်ဆင့် နှစ်ဘက်ယုံကြည်မှုတည်ဆောက်ရေးကို ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်စေမှာ ဖြစ်ပါတယ်။

တစ်ဘက်မှာလည်း အစိုးရအနေနဲ့ NCA လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ၂၀၂၀ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲတွေ မတိုင်မီ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ၊ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီတစ်ကြိမ် ညီလာခံမှာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ နိုင်ငံရေး သဘောတူညီချက်တွ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာမှုဆိုင်ရာ သဘောတူညီချက်တွေ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူသဘောတူညီချက်တွေ၊ ၂၀၂၀ အလွန် ကာလမှာ ဆက်လက် ဖော်ဆောင်နိုင်မယ့် လုပ်ငန်းစဉ်တွေနဲ့ အကောင်အထည်ဖော်မှု အဆင့်ဆင့်တွေကို အတည်ပြုနိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။


၂၀၂၀ ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ချမှတ်ကြတဲ့ အချိန်မှာ မြောက်ပိုင်းအဖွဲ့တွေရဲ့ သဘောထားတွေ ရယူနိုင်ဖို့လည်း အလေးထား စဉ်းစားသုံးသပ်ခဲ့ပါတယ်။ အားလုံးသဘောတူ လက်ခံနိုင်တဲ့ ရှေ့ဆက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ချမှတ်နိုင်အောင် ကြိုးပမ်းကြတဲ့အခါ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါကြောင်း အစိုးရအနေနဲ့ လက်ခံထားပါတယ်။

ဒီကနေ့ အစည်းအဝေးကို ကျွန်တော်တို့ဘက်မှလည်း အလေးအနက်ထားပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အဖွဲ့ဝင်များ၊ တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီးများ၊ ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်များ ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

ဆက်လက်၍ KIO (ကချင်ပြည်လွတ် မြောက်ရေးအဖွဲ့) ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် KIO-အထွေထွေအတွင်းရေးမှူး ကွမ်ထပ်ထိန်နန်က “ယနေ့ တွေ့ဆုံခြင်းဟာ မိမိတို့ (၄ ဖွဲ့)နဲ့ NRPC ရဲ့ စတုတ္ထအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါတယ်။ ယခုအကြိမ်ဆွေးနွေးပွဲမှာ မြန်မာ့တပ်မတော် အရာရှိများ ပါဝင်တက်ရောက် လာခြင်းဟာ ဆွေးနွေးပွဲများရဲ့ တိုးတက်မှုတစ်ရပ်အဖြစ် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ယခုလို ဆွေးနွေးရေးဖြစ်စဉ်မှာ ပါဝင်ရမယ့် အစုအဖွဲ့များက တာဝန်ရှိသူများ စုံစုံညီညီ တက်ရောက်လာပြီ ဖြစ်တဲ့အတွက် ဆွေးနွေးမှုမှာလည်း နယ်ပယ်အကြောင်းအရာ အချက်အလက် များ  ပိုမိုကျယ်ပြန့်လာမယ်လို့ မျှော်လင့်ပါတယ်။

မိမိတို့ ၄ ဖွဲ့ အဆိုပြုခဲ့တဲ့ စာချုပ်မူကြမ်းအပေါ် ပြီးခဲ့တဲ့ဆွေးနွေးပွဲမှာ NRPC ဘက်က လက်ခံနိုင်ကြောင်း ဆွေးနွေးခဲ့ခြင်းအတွက် မိမိတို့ဖက်ကြိုဆိုပါတယ်။ ဆွေးနွေးပွဲလမ်းကြောင်းအတွက် တွန်းအားတစ်ရပ် ဖြစ်တယ်လို့ မျှော်လင့်ပါတယ်။ မိမိတို့ (၄) ဖွဲ့ရဲ့ သဘောထားကလည်း ကြိုတင်ကန့်သတ်ချက်များ မထားရှိဘဲ ချွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကို သွားဘို့ဆန္ဒရှိပါတယ်။ တိုက်ပွဲများရပ်ဆိုင်းထားပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် ခိုင်မာစေရေးအတွက် လိုအပ်တဲ့ကိစ္စအရပ်ရပ်များကို ဆက်လက်ဆွေးနွေးသွားရေး လမ်းကြောင်းအတိုင်း ဖော်ဆောင်သွားရန် လိုလားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ (၄) ဖွဲ့ အဆိုပြုပေးခဲ့တဲ့ စာချုပ်မူကြမ်းကိုလည်း တဖန်ပြန်လည် လေ့လာသုံးသပ်မှု ပြုခဲ့တာရှိတယ်။

ယနေ့ တွေ့ဆုံမှုမှာ မြန်မာ့တပ်မတော်က အရာရှိများ ပါဝင်တက်ရောက်လာခြင်းဟာ ဆွေးနွေးပွဲ အဆင့်မြင့်တက်လာခြင်းဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ တိုက်ပွဲဖြစ်နေကြတဲ့ မိမိတို့ (၄)ဖွဲ့နဲ့ မြန်မာ့တပ်မတော်အကြား နားလည်မှု လွှဲမှားမှုများနဲ့ မြေပြင်မှာ အပြန်အလှန် တိုက်ခိုက်နေမှုများကို လျော့ပါးသွား စေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် ယနေ့ဆွေးနွေးပွဲမှာ နှစ်ဘက်အပြန်အလှန် အပြစ်ဖို့ ပြောဆိုခြင်း၊ ငြင်းခုန်ခြင်းမပြုဘဲ ပြဿနာဖြေရှင်းရေးကို အဓိကထားကာ အပြုသဘောဆွေးနွေးရန် လိုလားပါကြောင်း တင်ပြလိုပါတယ်” ဟု နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် ကိုယ်စားလှယ်များသည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Bilateral Ceasefire Agreement) လက်မှတ်ရေးထိုးနိုင်ရေးအတွက် နှစ်ဘက်အဆိုပြုထားသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် စာချုပ်မူကြမ်းများနှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးကြသည်။

ယနေ့ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊  ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း၊  ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌဦးသိန်းဇော်၊ ငြိမ်းချမ်းရေး ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(အငြိမ်းစား)၊ ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် ငြိမ်းချမ်းရေးအကျိုးဆောင် ဦးသက်နိုင်တို့ တက်ရောက်ကြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ KIO (ကချင်ပြည်လွတ် မြောက်ရေးအဖွဲ့) ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် KIO- အထွေထွေအတွင်းရေးမှူး ကွမ်ထပ်ထိန်နန်၊ MNTJP (မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ) ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရန်ဝင်ကျုံး၊ ULA (ရခိုင်အမျိုးသားအဖွဲ့ချုပ်)  ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ULA-အထွေထွေအတွင်းရေးမှူး ဒေါက်တာ ညိုထွန်းအောင်နှင့် PSLF (ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး) ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင် အထွေထွေအတွင်းရေးမှူး တားဘုန်းကျော် တို့ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး လေ့လာသူအဖြစ် PCG (ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့)မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် အဆိုပါတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း လေးဖွဲ့မှ ကိုယ်စားလှယ်များသည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Bilateral Ceasefire Agreement) များနှင့် ပတ်သက်၍ ဧပြီ ၃၀ ရက်နေ့တွင် မူဆယ်၊ ဇွန် ၃၀ တွင် မိုင်းလားနှင့် သြဂုတ် ၃၁ တွင် ကျိုင်းတုံတို့၌ တွေ့ဆုံခဲ့ကြပြီး ယခုတွေ့ဆုံမှုသည် လေးကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု ဖြစ်သည်။

ယနေ့ကျင်းပသည့်အစည်းအဝေးအပြီးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် KIO၊ MNTJP၊ PSLF နှင့်ULA အဖွဲ့ (၄) ဖွဲ့တို့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးဆွေးမှုအပြီးတွင်အချက် (၇) ချက်ပါသည့် အစည်းအဝေးမှတ်တမ်းကို နှစ်ဖက်ကိုယ်စားလှယ် ခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့ကြသည်။

အစည်းအဝေးအပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် PSLF ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် အထွေထွေအတွင်းရေးမှူး တားဘုန်းကျော်က “ဒီနေ့(၁၇)ရက်၊ စက်တင်ဘာလ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒုတိယအကြိမ်မြောက် ကျိုင်းတုံမှာ ဆောင်ရွက်ခွင့်ရတဲ့အတွက် ငြိမ်းချမ်းရေးအတွက် အလားအလာ အများကြီး မျှော်လင့်ချက် ကောင်းပါတယ်။ ကျွန်တော်တို့ အကြိမ်ကြိမ်နားချိန် (tea break)  တွေယူပြီးတော့ အကြိတ်အနယ် ဆွေးနွေးကြတာ ကျွန်တော်တို့ ငြိမ်းချမ်းရေးအတွက် တချို့မျှော်မှန်းသလောက်တော့ မရနိုင်သေးပေမဲ့ ရလဒ်ကောင်းတစ်ချို့တော့ရတယ်။ နောက်ထပ်တစ်ကြိမ် ထပ်မံဆွေးနွေးဖို့ နောက်ဒီလို တကယ့်တိုက်ပွဲတွေ ရပ်ဆိုင်းနိုင်မဲ့ စာချုပ်တွေ၊ သဘောတူချက်တွေ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် လုပ်ငန်းစဉ်တွေကို ရရှိလာတာက ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ရလဒ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့လည်း ပြန်စဉ်းစားမယ်ဆိုရင်တော့ ဒီနိုင်ငံအတွင်းမှာ ဒီတိုက်ပွဲတွေကိုတော့ တိုင်းရင်းသား ပြည်သူလူထုတွေ စစ်ဘေးဒဏ် အမြန်ဆုံးလွတ်မြောက်နိုင်ဖို့ နှစ်ဦးနှစ်ဘက် ခေါင်းဆောင်တွေက သေချာစဉ်းစားပြီးတော့ ဆောင်ရွက်ဖို့လိုတယ်လို့ ကျွန်တော်မြင်ပါတယ်။ 

အထူးသဖြင့် NRPC နဲ့ တပ်မတော်က ခေါင်းဆောင်တွေ တက်ရောက်လာတယ်။ နှစ်ဖက်ခေါင်းဆောင်တွေရဲ့ စဉ်းစားချက်တွေကို ကျွန်တော်တို့ တော်တော်များများ ပြောကြားခွင့်ရတဲ့အတွက် အောက်ခြေမှာ ထိတွေ့မှုတွေရှိပေမဲ့ မြေပြင်မှာ အခုလို ကျွန်တော်တို့ အမြင်တွေကို ဖလှယ်ခွင့်ရတဲ့အတွက် စစ်ကိုချုပ်ငြိမ်းနိုင်ဖို့ ဒါက အစပဲလို့ အခြေခံကောင်းတွေ စဉ်းစားမိပါတယ်။ ရှိလာနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟုပြောကြားခဲ့သည်။

ဆက်လက်၍ NRPC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက “ကျွန်တော်တို့ ပြီးခဲ့တဲ့ ကျိုင်းတုံအစည်းအဝေးတုန်းက ကျွန်တော်တို့ မြောက်ပိုင်း (၄) ဖွဲ့အဆိုပြုချက်တွေကို ဆွေးနွေးခဲ့ကြပြီးတော့ အခုအစည်းအဝေးမှာ နှစ်ဖက် ပြန်လည်ပြီးတော့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေအရ နှစ်ဖက်သဘောတူတဲ့ အချက်တွေကို ဆွေးနွေးမှု အစည်းအဝေးမှတ်တမ်းအနေနဲ့ နှစ်ဖက်သဘောတူ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဒီနေ့ တွေ့ဆုံဆွေးနွေးမှုမှတ်တမ်းမှာ တစ်ချက်စီကို ဆွေးနွေးပြီးတော့ bilateral မှာ လက်မှတ်ရေးထိုးနိုင်ဖို့ လက်ရှိတိုက်ပွဲတွေ ချုပ်ငြိမ်းဖို့ IDP ကိစ္စတွေ၊ တပ်နေရာ ချထားရေးကိစ္စတွေ၊ ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် နှစ်ဖက်ဖမ်းဆီးအရေး ယူမှုကိစ္စတွေ၊ ပဋိပက္ခဖြေရှင်းခြင်း နည်းလမ်းတွေကို ဆက်ဆွေးနွေးဖို့ ကျွန်တော်တို့ အောက်တိုဘာလအတွင်းမှာပဲ နှစ်ဖက်ပြန်လည်တွေ့ဆုံပြီးတော့ ဆွေးနွေးဖို့ သဘောတူ နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နောက်တစ်ကြိမ် အစည်းအဝေးမှာတော့ ဆွေးနွေးဖို့ သဘောတူထားတဲ့အချက်တွေကို ကျွန်တော်တို့  Bilateral Agreement ရရှိရေး အောက်တိုဘာလအတွင်းမှာ ဆွေးမေယ်လို့ သဘောတူထားတဲ့ အချက်တွေကိုလည်း နောင်တစ်ကြိမ် အစည်းအဝေးမှာ အကြေအလည်ဆွေးဆွေးရင်း ကျွန်တော်တို့ သဘောတူညီမှု ရရှိနိုင်ဖို့ လက်မှတ်ရေးထိုးနိုင်ရေး ကြိုးစားပေးကြပါ” ဟုပြောကြားခဲ့သည်။

 

111

 

တွေ့ဆုံဆွေးနွေးမှုများအပြီးတွင် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ 

ရဲခေါင်ညွန့်