ကျိုင်းတုံ ၁၇  စက်တင်ဘာ

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် KIO (ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့)MNTJP (မြန်မာနိုင်ငံအမှန်တရား နှင့် တရားမျှတသောအမျိုးသားပါတီ)PSLF (ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး) နှင့် ULA (ရခိုင်အမျိုးသားအဖွဲ့ချုပ်) တို့သည် ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ Amazing Kengtong Resortတွင် တွေ့ဆုံ၍ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် (Bilateral Ceasefire Agreement) လက်မှတ်ရေးထိုးနိုင်ရေးနှင့် ပတ်သက်၍ အစည်းအဝေးကျင်းပသည်။

 

မီဒီယာများနှင့်တွေ့ဆုံ

 

အစည်းအဝေးအပြီးတွင် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသည် ယနေ့ကျင်းပ သည့်အစည်းအဝေးနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပသတင်း မီဒီယာများနှင့်တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

 

နှစ်ဖက်တွေ့ဆုံဖို့လည်း သဘောတူ

 

ယနေ့တွေ့ဆုံ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ဦးဇော်ဌေးက ''ဒီကနေ့ဆွေးနွေးပွဲမှာ သဘောတူညီချက် ခုနစ်ချက်ရတယ်။ ခုနစ်ချက်မှာ အကြမ်းဖျင်းကတော့ Bilateral Ceasefire Agreement လက်မှတ်ရေးထိုးဖို့၊ လက်ရှိတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အနေအထားကို လုံးဝချုပ်ငြိမ်းအောင်လုပ်ဖို့ ဘယ်လိုသွားမလဲဆိုတာ ဆွေးနွေးတယ်၊ နောက်နေရပ်စွန့်ခွာ IDP တွေကိစ္စကို ဘယ်ပုံစံနဲ့ ဆွေးနွေးမလဲဆိုတာ သဘောတူညီချက်ရတယ်။ တပ်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်တွေ၊ တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားအောင် ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ နှစ်ဖက်လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးကြမယ်ဆိုတာ သဘောတူညီကြတယ်။ နောက်တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းဖို့လိုအပ်တဲ့ လုပ်ငန်းကိစ္စရပ်တွေ ဆောင်ရွက်ဖို့၊ ဆက်သွယ်ရေးစနစ်နဲ့ ဆက်ဆံရေးရုံးတွေထားရှိဖို့ကိစ္စ ဒါလည်း ကျွန်တော်တို့ သဘောတူပါတယ်။ နောက်အချက်က ယုံကြည်မှု တည်ဆောက်ရေးအတွက် နှစ်ဖက်ဖမ်းဆီးတာတွေ၊ ချုပ်နှောင်တာတွေ၊ အရေးယူခြင်းဆိုင်ရာတွေနဲ့ ပတ်သက်လို့လည်း သဘောတူညီမှုရပါတယ်။ နောက်အချက်ကတော့ NCA နဲ့ ပတ်သက်ပြီး နှစ်ဖက်လက်ခံနိုင်တဲ့ လုပ်ငန်းစဉ် တစ်ရပ်ကိုလည်း ကျွန်တော်တို့ သဘောတူညီချက်ရပါတယ်။ အပစ်အခတ်ရပ်စဲမှု ခိုင်မာရေးကို စေ့စပ်ညှိနှိုင်း ဖြေရှင်းပေးဖို့အတွက် နှစ်ဖက်သဘောတူလက်ခံနိုင်တဲ့ ပုံစံမျိုးကို ဆက်ဆွေးနွေးသွားဖို့ သဘောတူတယ်။ နောက်လာမယ့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ အတွင်းမှာ နှစ်ဖက်တွေ့ဆုံဖို့လည်း သဘောတူပါတယ်။

 

အပြုသဘောဆောင်

 

အစိုးရပိုင်းမှာလည်း ကျွန်တော်တို့ NCA နှစ်ပတ်လည်ပွဲ လုပ်ဖို့ရှိပါတယ်။ နောက်အချက်က ကျွန်တော်တို့ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ ၂၁-ရာစု ပင်လုံညီလာခံ လုပ်ငန်းစဉ်တွေ ပြန်လည်စတင်ဖို့ ဆွေးနွေးနေတာတွေ ရှိပါတယ်။ ပြန်တွေ့ဖို့လည်း ရှိပါတယ်။ နောက်တစ်ပိုင်းကတော့ UPDJC အတွင်းရေးမှူးအဖွဲ့တွေ ပြည်ပလေ့လာရေး ခရီးသွားဖို့ရှိတယ်။ အဲဒီရက်တွေနဲ့ချိန်ပြီး ဘယ်ရက်၊ ဘယ်ကာလ ဆိုတာ သူ့ဘက်ကိုယ့်ဘက် အဆင်ပြေမယ့်၊ နေရာကို ပြန်ပြီးညှိကြမယ်ဆိုပြီး နောက်တစ်ချိန် ပြန်တွေ့ဖို့ ကျွန်တော်တို့ သဘောတူကြပါတယ်။ အတိုချုပ်အားဖြင့်တော့ ဒီနေ့လေးကြိမ်မြောက် အစည်းအဝေးမှာ သဘောတူညီချက် () ချက်ကို ရရှိတယ်။ ပြီးခဲ့တဲ့ အစည်းအဝေးမှာတော့ ကျွန်တော်တို့ ပူးတွဲထုတ်ပြန်ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် တကယ်ရှေ့ဆက်ပြီးတော့ သွားမယ့်လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ အကျေအလည် ဆွေးနွေးပြီး သဘောတူညီချက်တွေ ချမှတ်နိုင်တဲ့အတွက် ယေဘုယျချုံပြီးပြောရင် အပြုသဘောဆောင်တယ်။ တဖြည်းဖြည်းချင်းနဲ့ ကျွန်တော်တို့ကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ စိပ်လာတာနဲ့အမျှ နှစ်ဖက်နားလည်မှုကလည်း ပိုပြီးမြင့်တက်လာတယ်။ ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတယ်ဆိုတဲ့သဘော ကျွန်တော်တို့ တွေ့ပါတယ်။

 

ကောင်းမွန်တဲ့ရလဒ်တွေ ရရှိမယ်

 

မြန်မာနိုင်ငံမြောက်ပိုင်း၊ အထူးသဖြင့် ရှမ်းပြည်နယ်၊ ရှမ်းမြောက်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ လျော့ကျရေး၊ ရေရှည်ခိုင်မာတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး Ceasefire လုပ်ငန်းစဉ်တစ်ခု ထွက်ပေါ်လာအောင် နှစ်ဖက်လုံးက စိတ်ရင်း စေတနာမှန်နဲ့ ကြိုးစားနေတဲ့အတွက် မကြာခင်နောက်တစ်ကြိမ် တွေ့ဆုံမှုမှာ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ရလဒ်တွေ ရရှိမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်''ဟု ပြောကြားခဲ့သည်။

 

ထို့နောက် သတင်းမီဒီယာများက ဆွေးနွေးပွဲနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြန်လည် ဖြေကြားခဲ့သည်များအနက်မှ မေးမြန်းချက်အချို့ကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

 

ဆွေးနွေးမှုများတွင်Bilateral Ceasefire Agreement နှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် အချက်များ ကျန်ရှိနေမှု ရှိ/မရှိနှင့် ပတ်သက်၍ ''ဒီနေ့က Bilateral Agreement သဘောတူသွားရင် လက်မှတ်ထိုးဖို့အထိ ပြင်ထားတယ်။ အဲဒီမှာ လာတဲ့ကိုယ်စားလှယ်က လက်မှတ်ထိုးဖို့ Mandate မပါခဲ့ရင် မိုင်းလားကိုပြန်၊ သက်ဆိုင်ရာ ဗဟိုဌာနချုပ်ကို သတင်းပို့၊ ကျွန်တော်တို့က ကျိုင်းတုံမှာ ညအိပ်စောင့်မယ်။ အဲဒီလိုမျိုးကမ်းလှမ်းတာ။ သို့သော် မြောက်ပိုင်းလေးဖွဲ့ သဘောထားက သူတို့သည် ဆွေးနွေးပွဲအတွက် ဖွဲ့ထားတာဖြစ်တယ်။ လက်မှတ် ထိုးဖို့ Mandate ပါမလာဘူး။ အဲဒီလို ပါမလာတဲ့အတွက် အစည်းအဝေး မှတ်တမ်းသဘောတူညီချက် ယူဖို့ညှိပြီး အဲဒီလို လုပ်လိုက်တယ်။ ဒီအချက်တွေကလည်း Bilateral အရတွေပါ။ Mandate သာပါလာခဲ့ရင် လက်မှတ်ထိုးဖို့ အနေအထား တစ်ခုထိရောက်နိုင်တယ်။ အခုက Mandate ပါမလာတဲ့အတွက် သူတို့လက်မှတ်ထိုးနိုင်ဖို့ ပြန်တင်ပြမယ်။ ဒါကြောင့် ရထားတဲ့ အချက်တွေကို အစည်းအဝေးမှတ်တမ်းအဖြစ် သဘောတူညီခဲ့တာဖြစ်တယ်။ တော်တော်များများဆွေးနွေးပြီး ကျေကျေ လည်လည်သဘောတူတာရှိတယ်'' ဟု ဖြေကြားသည်။

တိုက်ပွဲတွေမဖြစ်ဖို့ သဘောတူညီချက်ရဖို့ လုပ်နေ

 

Bilateral Ceasefire Agreement တွင် ပါဝင်သည့် တိုက်ပွဲများလျှော့ချရေး ဆွေးနွေးမှုနှင့် ပတ်သက်၍ မေးမြန်းရာ ဦးဇော်ဌေးက ''တိုက်ပွဲတွေ မဖြစ်ဖို့ သဘောတူညီချက်ရဖို့ လုပ်နေတယ်။ အဲဒီမှာ ဘာပါသလဲဆိုတော့ ဘယ်နေ့ဘယ်ရက်ကစပြီး အပစ်ရပ်ဖို့ ရပ်ဆိုင်းတယ်ဆိုတာ လုပ်ဖို့လုပ်ထားတယ်။ မြောက်ပိုင်းလေးဖွဲ့က လက်မှတ်ထိုးဖို့အထိ အသင့်မရှိတဲ့အတွက် အစည်းအဝေးသဘောတူညီချက်လောက်ပဲ ရတဲ့သဘောဖြစ် တယ်'' ဟု ပြောသည်။

 

ပဋိပက္ခ ဖြေရှင်းရေး

 

Bilateral Ceasefire Agreement တွင်ပါဝင်သည့် စောင့်ကြည့်ရေးကော်မတီကိစ္စနှင့် ပတ်သက်၍ ဦးဇော်ဌေးက ''စောင့်ကြည့်ရေးကော်မတီ အပိုင်းမှာတော့ အခုကျွန်တော်တို့ နောက်ဆုံးသဘောတူလိုက်တာက ပဋိပက္ခ ဖြေရှင်းရေးပါ။ တကယ်လို့ ကျွန်တော်တို့ နှစ်ဖက်အကြားမှာ အငြင်းပွားမှုတွေ ဖြစ်လာပြီဆိုရင် ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ ဖြေရှင်းတဲ့စနစ်ကို ကျွန်တော်တို့ သဘောတူလိုက်တယ်။ စောင့်ကြည့်ရေးမဟုတ်ဘူး။ ကြားကာလမှာ ဖြစ်လာတဲ့ အငြင်းပွားမှုမျိုးပါ။ တပ်နေရာ ချထားရေးလိုမျိုး ဟိုဘက်ဒီဘက် အငြင်းပွားလာရင်ဘယ်လို ဖြေရှင်းမလဲဆိုတာမျိုးကို သဘောတူ လိုက်တာ'' ဟု ဖြေကြားသည်။

 

ယနေ့ဆွေးနွေးပွဲရလဒ်ကြောင့် တပ်မတော်၏ အပစ်ရပ်ကာလကုန်ဆုံးပါက သက်တမ်းတိုးနိုင်မည်လား မေးခွန်းအပေါ် ဦးဇော်ဌေးက ''ကျွန်တော်တို့က အပြုသဘောမျိုး မြင်တယ်။ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့ကလည်း ပြန်သွားရင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကို သတင်းပို့မှာ ဖြစ်တယ်'' ဟု ဖြေကြားသည်။

 

ဆွေးနွေးဖို့ ကမ်းလှမ်း

 

ဆွေးနွေးပွဲတွေက အဆင်မပြေရင် ပြည်သူထိခိုက်မှုမရှိအောင် အစိုးရအနေဖြင့် ပြင်ဆင်ထားမှုမေးခွန်းနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးဆိုတာ ဘက်တစ်ဖက်တည်း လုပ်တာမဟုတ်ဘူး။ ဘက်ပေါင်းစုံက လိုလားမှုလိုပါတယ်။ ဥပမာ-ဒီနေ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ပါလာတယ်။ တပ်မတော်ကိုယ်စားလှယ်အဖွဲ့ရဲ့ သဘောထားက မြောက်ပိုင်းလေးဖွဲ့ကို AA အပါအဝင် တစ်ဖွဲ့ချင်းဆွေးနွေးမယ်။ သူတို့နဲ့ တပ်မတော်ကြားမှာ ဘာတွေကို ဘယ်လိုလုပ်ချင်သလဲ ဆွေးနွေးဖို့ ကမ်းလှမ်းတယ်။ သို့သော် ဟိုဘက်မှာက Mandate ပါမလာဘူး။ တိုက်ပွဲမဖြစ်အောင် ကျွန်တော်တို့ ကြိုးပမ်းနေတယ်။ တိုက်ပွဲမဖြစ်အောင် သဘော တူညီချက်ရဖို့ လိုတယ်။ သဘောတူညီချက်ရပြီးသွားရင် ဒါကို ခိုင်မာအောင် ဘယ်လိုလုပ်မလဲဆိုတာ လုပ်ဖို့လိုတယ်။ အဲဒါကို ကျွန်တော်တို့ ကြိုးပမ်းနေတာဖြစ်တယ်။ တပ်မတော် ကိုယ်စားလှယ်တွေ ပါလာတဲ့ အချိန်မှာ ဥပမာ-AA တို့ ၊TNLA တို့ သီးသန့်တွေ့ပြီး ဆွေးနွေးရင် ပိုထိရောက်တယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့က ကမ်းလှမ်းတယ်'' ဟု ဖြေကြားသည်။

 

ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ဖိုးထောင်