ပဲခူး ၁၈ စက်တင်ဘာ
စက်တင်ဘာ (၁၇) ရက် နံနက်ပိုင်းက ပဲခူးခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သိုက်နှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပဲခူးမြို့မဈေးကြီးအတွင်း လက်လီလက်ကား ရောင်းချနေသောငါးများတွင် ဖော်မလင်ပါဝင်ခြင်းရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့မဈေးကြီးအတွင်း ရောင်းချနေသောငါးများတွင် ဖော်မလင် ပါဝင်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ရာ၌ ငါးအရောင်းဆိုင်များမှ ငါးများအား နမူနာကောက်ယူပြီး ပဲခူးမြို့မ ဈေးခေါင်းရုံးတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ Formalin Test Kit ဖြင့် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ ပါဝင်ခြင်းမရှိကြောင်း တွေ့ရှိရသည်။
ဆက်လက်၍ အဆိုပါအဖွဲ့သည် ပဲခူးမြို့ပေါ်ရှိ ဆေးဆိုင်များ၌ သုံးစွဲရန် မသင့်သောတိုင်းရင်းဆေး ဖြစ်သည့် ရွှေဆေးအမှတ်တံဆိပ်ပါ အဆစ်အမြစ် အကိုက်ခဲပျောက်ဆေးအား ရောင်းချမှုရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ ၎င်းအမှတ်တံဆိပ်ပါ ဆေးအား စစ်ဆေးခဲ့သည့် ဆေးဆိုင်များတွင် ရောင်းချမှု မရှိကြောင်းသိရှိရသည်။
ကွင်းဆင်းလိုက်လံ စစ်ဆေးခြင်းပြုလုပ်ရာတွင် ပဲခူးခရိုင်စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်းမိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် တိုင်းဒေသကြီး တိုင်းရင်းဆေးပညာ ဦးစီးဌာနတို့မှဝန်ထမ်းများ ပူးပေါင်းပါဝင်ကြကြောင်း သိရသည်။
တင်စိုး(ပဲခူး)


