မိတ္ထီလာ ၁၈ စက်တင်ဘာ
မိတ္ထီလာမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဝန်ဇင်း၊ ရန်မျိုးအောင်ရပ်ကွက်များနှင့် တိုးချဲ့နယ်မြေရှိ အိမ်ခြေ ၄၅၀ဝ ကျော်အား ရေပေးဝေနိုင်ရေးအတွက် JICA အစီအစဉ်ဖြင့် ရေသန့်စင်စက်ရုံ တည်ဆောက် လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ် ရပ်ကွက်(၁၄)ခုအား မိတ္ထီလာကန်ရေကို ရေသန့်စင်စက်ရုံ များတည်ဆောက်၍ ပဏာမရေစစ်ကန် (အနည်ထိုင်ကန်)များ၊ သဲစစ်ကန်များဖြင့် အဆင့်ဆင့် သန့်စင်၍ သန့်စင်ပြီးရေများကို အလှည့်ကျစနစ်ဖြင့် ပေးဝေလျက်ရှိရာ ရေသန့်စင်စက်ရုံများနှင့် အလှမ်းဝေးသည့် ရပ်ကွက်များကို စက်ရေတွင်းများ တူးဖော်ပေးပြီး ရေပေးဝေလျက်ရှိသည်။
ထိုသို့ရေပေးဝေလျက်ရှိရာမှ ရေပိုမိုပေးဝေနိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဝန်ဇင်းရပ်ကွက် အတွင်း၌ JICA အစီအစဉ်ဖြင့် ငွေကျပ် ၃ ဒသမ ၂၅ ဘီလီယံဖြင့် ဝန်ဇင်းရပ်ကွက်၊ ရန်မျိုးအောင်ရပ်ကွက်နှင့် ပြည်ထောင်စု တိုးချဲ့နယ်အတွင်းရှိ အိမ်ထောင်စု ၄၅၀ဝ ကျော်အား ရေပေးဝေနိုင်စေရန် ရေသန့်စင် စက်ရုံတည်ဆောက်ခြင်း၊ အမြင့်တင် ရေစင်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ရေဖြန့်ဝေနိုင်ရန် အရှည် ၂၆ မိုင်ရှိ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများကို မေလ ၂၆ ရက်နေ့က စတင်ပြီး ခေတ်ကမ္ဘာကုမ္ပဏီက တာဝန်ယူတည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေသန့်စင်စက်ရုံတည်ဆောက်ပြီးစီးပါ ဝန်ဇင်းရပ်ကွက်၊ ရန်မျိုးအောင်ရပ်ကွက်နှင့် ပြည်ထောင်စုတိုးချဲ့နယ်မြေအတွင်း အိမ်ထောင်စု ၄၅၀ဝကျော်အား တစ်ရက် ရေဂါလန် (၆၉၀ဝ၀ဝ)ကို ပေးဝေနိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးခင်မောင်တင်က ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


