ညောင်ဦး ၁၈ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အတွင်းရှိ စီးပွားဖြစ် ရောင်းချနေသည့် စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်များအား အန္တရာယ်ကင်းစွာ စနစ်တကျ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို စက်တင်ဘာ ၁၇ ရက်၊ နံနက် ၉ နာရီက ညောင်ဦးခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (မြေ ၊ မျိုး ၊ ပိုး)တာဝန်ခံ ဝန်ထမ်းများအဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်စန်းစန်းဝေ၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ကြည်ကြည်ဆွေ၊ ခရိုင်သီးနှံပိုးမွှားတာဝန်ခံ ဒေါ်ခင်သန်းမြင့်နှင့် မြို့နယ်(မြေ၊ မျိုး၊ ပိုး)တာဝန်ခံ ဝန်ထမ်းများအဖွဲ့က ညောင်ဦးမြို့နယ်အတွင်း တရားဝင် မှတ်ပုံတင်ထားသည့် စိုက်ပျိုးရေး ပစ္စည်းအရောင်းဆိုင် ၉ ဆိုင်အား ကွင်းဆင်း သွားရောက်ကာ စိုက်ပျိုးရေးပစ္စည်းများ ရောင်းချရာတွင် အရောင်းအဝယ်စာရင်း စနစ်တကျ မှတ်တမ်းထိန်းသိမ်းထားမှု ရှိ/ မရှိ ၊ ပိုးသတ်ဆေး ၊ မှိုသတ်ဆေး၊ ဓာတ်မြေဩဇာနှင့် ပေါင်းသတ်ဆေးများ စနစ်တကျ ထားသိုမှု ရှိ / မရှိနှင့် အန္တရာယ်အဆိပ် ဖြစ်စေသည့် ဆေးပစ္စည်းများနှင့် သက်တမ်းလွန် ကာနီးဆေးပစ္စည်းများ ရောင်းချခြင်း ရှိ/ မရှိ တို့ကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းမရှိသော အရောင်းဆိုင်များနှင့် တရားမဝင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသည့် စိုက်ပျိုးရေးဆေးဆိုင်များအား အန္တရာယ်ကင်းစွာ စနစ်တကျ ရောင်းချနိုင်ရေး ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် တောင်သူလယ်ယာသုံး စိုက်ပျိုးရေးသုံးပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် တရားဝင် မှတ်ပုံတင်ရောင်းချသည့် စိုက်ပျိုးရေးဆေးဆိုင် ၉ ဆိုင်ရှိပြီး၊ တရားမဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် စိုက်ပျိုးရေး ဆေးဆိုင် ၅ ဆိုင်ခန့် ရှိကြောင်း သိရကာ အဆိုပါ စိုက်ပျိုးရေးဆေးဆိုင်များအား တောင်သူများထံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာ၌ အန္တရာယ်ကင်းစွာ စနစ်တကျ ဖြန့်ဖြူးရောင်းချနိုင်ရေး ညောင်ဦးခရိုင်စိုက်ပျိုးရေးဦစီးဌာန၏ ဦးဆောင်မှုဖြင့် စဉ်ဆက်မပြတ် ကွင်းဆင်းကြပ်မတ် စစ်ဆေးလျက်ရှိကြောင်း ညောင်ဦးခရိုင်စိုက်ပျိုးရေးဦစီးဌာနမှ ခရိုင်သီးနှံပိုးမွှားတာဝန်ခံ ဒေါ်ခင်သန်းမြင့် ထံမှ သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး )


