ပုဗ္ဗသီရိ ၁၈ စက်တင်ဘာ
ကျောင်းသား ကျောင်းသူများ ငလျင်ဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက နည်းစနစ်တကျ တုန့်ပြန်ကာကွယ်ခြင်းဖြင့် အသက်အန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အမှတ်(၁၃) အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လှမြင့်က အဖွင့်အမှာစကား ပြောကြားပြီး နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြော ကြားခဲ့သည်။ ယင်းနောက် ဥတ္တရခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဖြိုးဝေဝင်းက ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများ၊ ငလျင်လှုပ်နေချိန်နှင့် လှုပ်ပြီးချိန်များတွင် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးတင်ငွေက ငလျင်လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းဆိုင်ရာ သင်ခန်းစာများနှင့် လိုက်နာဆောင်ရွက်ရမည့် ပြုလုပ်ပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ငလျင်ဘေးအန္တရာယ်ကြုံတွေ့လာပါက ကာကွယ်ရမည့်နည်းလမ်းများ၊ ရှာဖွေကယ်ဆယ်ရေးနည်းလမ်းများနှင့် ဒဏ်ရာရရှိလူနာများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပုံများကို လက်တွေ့သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


