မန္တလေး ၁၈ စက်တင်ဘာ
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ နေရာ ၉ နေရာတွင် ဆေးလိပ်ငွေ့ကင်းစင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း လုပ်ဆောင်ခြင်းကို ကျန်းမာရေးအရ ကောင်းကျိုးဖြစ်စေသည့်အပြင် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များအား ဆွဲဆောင်နိုင်သည့်အပြင် ခရီးသွား စီးပွားရေး ဖွံ့ဖြိုးမှု အထောက်အကူပြုသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည့်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
"အများပြည်သူတွေနဲ့ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်သောက်သုံးခွင့် မရှိဘူး။ အများပြည်သူတွေနဲ့ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်ငွေ့ ကင်းစင်အောင်ပေါ့။ အခုလုပ်မယ့် နေရာတွေက ဘုရား၊ အစိုးရရုံး၊ အားကစားကွင်း၊ တိုင်းရင်းဆေးရုံပါမယ်" ဟု ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ပြောသည်။
လက်ရှိအချိန်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု ဇုန်အတွင်းရှိ ဘုရားစေတီများ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်၊ တည်းခိုခန်းများနှင့် ကလေးကစားကွင်း စသည့်နေရာ ၄၈ နေရာတို့တွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။
အဆိုပါ နေရာ ၉ နေရာများတွင် ဆေးလိပ်ငွေ့ ကင်းစင်နေရာများအဖြစ် ဖော်ဆောင်ခြင်း လုပ်ငန်းများကို စက်တင်ဘာတတိယပတ်အတွင်း စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆေးလိပ်မသောက်ရစာများ အသိပညာပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။
ပုဂံရှေးဟောင်းနယ်မြေတွင် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေများ ဖော်ဆောင်ခြင်း လုပ်ငန်းများကို ၂၀၁၉ နှစ်ဆန်းပိုင်းကစပြီး ဖော်ဆောင်နေခြင်းဖြစ်သည်။
သူရိန်လင်း


