စက်တင်ဘာ ၁၈
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် ပဏာမလက်ရွေးစင် ကစားသမားများ ရွေးချယ်ရန်အတွက် သုံးပွင့်ဆိုင်လူရွေးပွဲကျင်းပရန် ပဏာမကစားသမားများအား သုံးသင်းခွဲ၍ ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ပဏာမကစားသမား ၃၆ ဦးဖြင့် ဖွဲ့စည်းခဲ့သော်လည်း ဂိုးသမား ဇာဇာမြင့်မှာ ဒဏ်ရာပြဿနာကြောင့် ရောက်ရှိလာခြင်းမရှိကာ ကျန်ရှိသည့် ၃၅ ဦးကို ၁၁ ဦး သုံးသင်းဖွဲ့၍ ကျန်နှစ်ဦးကိုမူ သုံးသင်းစလုံးတွင် အရန်ကစားသမားအဖြစ် အသုံးပြုမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးသည် သုံးပွင့်ဆိုင်ခြေစမ်းပွဲကစားမည့် အသင်းများကို (က၊ ခ၊ ဂ) ဟူ၍ သုံးသင်းခွဲ၍ ဖွဲ့စည်းထားပြီး (က) အသင်းနှင့် (ခ) အသင်းတွင် ယူ-၁၉ အသင်းမှ ကစားသမားအများစု ပါဝင်လာသည်။ လူရွေးပွဲများကို တစ်ရက်ခြားတစ်ပွဲ ကျင်းပမည်ဖြစ်ပြီး သုံးပွဲစလုံးကို နံနက် ၇ နာရီခွဲတွင် ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပမည်ဖြစ်သည်။ လူရွေးပွဲအဖြစ် စက်တင်ဘာ ၁၉ ရက် (ယနေ့) တွင် (က) အသင်းနှင့် (ခ) အသင်း၊ စက်တင်ဘာ ၂၁ ရက်တွင် (က) အသင်းနှင့် (ဂ) အသင်း၊ စက်တင်ဘာ ၂၃ ရက်တွင် (ခ) အသင်းနှင့် (ဂ) အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ လူရွေးပွဲအပြီးတွင် ကစားသမား ၂၆ ဦး ပြန်လည်ရွေးချယ်ကာ ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်သည်။
သုံးပွင့်ဆိုင်လူရွေးပွဲကစားမည့် (က) အသင်းတွင် ဂိုး- ဇူးလတ်နဒီ၊ နောက်တန်း- နန့်ဇူးဇူးထက်၊ ခင်သန်းဝေ၊ နော်ထက်ထက်ဝေ၊ ဖြူဖြူဝင်း၊ အလယ်တန်း- သင်းသင်းယု၊ ဝင်းဝင်း၊ မေသူကျော်၊ လဲ့လဲ့လှိုင်၊ ဆွေမာအောင်၊ ရှေ့တန်း-ဂျူလိုင်ကျော်၊ (ခ) အသင်းတွင် ဂိုး-မေဇင်နွယ်၊ နောက်တန်း- အေးအေးမိုး၊ ခင်မျိုးဝင်း၊ ဝေဝအောင်၊ မေသက်မွန်မြင့်၊ အလယ်တန်း- ပုံ့ပုံ့ပြည့်မောင်၊ ငယ်ငယ်ထွေး၊ မြတ်နိုးခင်၊ နွယ်နီဝင်း၊ ခင်မိုးဝေ၊ ရှေ့တန်း- စန်းသော်သော်၊ (ဂ) အသင်းတွင်
ဂိုး- သန္တာဦး၊ နောက်တန်း- အိရတနာဖြိုး၊ ဇွန်ယုယဦး၊ ချစ်ချစ်၊ ခင်သဇင် အလယ်တန်း- ခိုင်သဇင်ဦး၊ မိုးမိုးသန်း၊ မေဖူးကို၊ ရီရီဦး၊ နုနု၊ ရှေ့တန်း- ဝင်းသိင်္ဂီထွန်းတို့ ပါဝင်ကြသည်။ ယင်းကစားသမားများတွင် ပုံမှန်ပါဝင်နေသည့် စီနီယာကစားသမားများအပြင် ယူ-၁၉ အသင်းမှ ကစားသမားအများစုလည်း ပါဝင်လာသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်