နန်နင်း ၁၈ စက်တင်ဘာ

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပမည့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ နန်နင်းမြို့သို့ ထွက်ခွာသည်။ 

 

7700

 

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲ Mrs. Li Xiaoyan နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ဒုတိယသမ္မတနှင့်အတူ အဖွဲ့ဝင်များအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါသွားကြသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့သို့ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ရောက်ရှိကြရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ အမြဲတမ်း ကော်မတီအဖွဲ့ဝင်နှင့် နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မတီ အတွင်းရေးမှူး Mr.Huang Shiyong ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင်နှင့် တာဝန်ရှိသူများက နန်နင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ခေတ္တတည်းခိုမည့် လိယွမ်အစိုးရဧည့်ဂေဟာသို့ ရောက်ရှိပြီး ညအိပ်ရပ်နားကြသည်။ 

သတင်းစဉ်