နေပြည်တော် ၁၈ စက်တင်ဘာ 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအားလုံး အခြေခံလူ့အခွင့်အရေးများရရှိပြီး လူ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နေနိုင်ရန် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများဖြင့် ကြိုးပမ်းပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများနှင့်ပတ်သက်၍ မြန်မာနိုင်ငံမသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၆-၂၀၂၅)ကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ အခွင့်အရေးများကို ဖော်ဆောင်ပေးရန် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကိုဖွဲ့စည်းပြီး လုပ်ငန်းကော်မတီများကို နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်အနေဖြင့်လည်း တိုင်းဒေသကြီး၊ ပြည်နယ်များတွင် မသန်စွမ်းသူအသင်းများကိုဖွဲ့စည်းပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းသူများအတွက် နိုင်ငံတော်က မသန်စွမ်းရန်ပုံငွေကို ထူထောင်ပေးလိုက်ပြီဖြစ်ရာ အဆိုပါအသင်းများနှင့် ကော်မတီများပူးပေါင်း၍ မသန်စွမ်းသူများအား စွမ်းနိုင်သမျှစွမ်းအောင်ကူညီပြီး မသန်စွမ်းသူများ စွမ်းဆောင်နိုင်မည့် အလုပ်အကိုင်များကို ဖော်ဆောင်ပေးရန် ရင်းနှီးမှုပြုရမည်ဖြစ်ကြောင်း၊ မသန်စွမ်းမှုအဆင့် ခွဲခြားသတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများလည်း စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မသန်စွမ်းမှုအဆင့် ခွဲခြားသတ်မှတ်ခြင်းဆိုသည်မှာ ခွဲခြားဆက်ဆံခြင်း မဟုတ်ဘဲ မသန်စွမ်းသူ တစ်ဦးချင်းစီ၏ အခြေအနေအမှန်နှင့် လိုအပ်ချက်တို့ကို စိစစ်ဖော်ထုတ်ပြီးပံ့ပိုးကူညီရန် ဖြစ်ကြောင်း၊ မသန်စွမ်းများ အတားအဆီးမရှိ သွားလာနိုင်ရေးကို ဖြည့်ဆည်းပေးရန် မသန်စွမ်းသူများအတွက် အတားအဆီးကင်းသည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်ရေးကိုလည်း ကြိုးပမ်းလျက်ရှိပါကြောင်း၊ ငွေကြေးထောက်ပံ့မှုသည် ကနဦးထောက်ပံ့ ပေးခြင်းသာဖြစ်ပြီး မသန်စွမ်းသူများမှတ်ပုံတင်ခြင်း လုပ်ငန်းပြီးမြောက်ပါက ပိုမိုကောင်းမွန်သော ကူညီပံ့ပိုးမှုများကို ရရှိစေမည်ဖြစ်ကြောင်း၊ နေပြည်တော် ကောင်စီအတွင်း၌ မသန်စွမ်းသူများအား ကနဦးထောက်ပံ့ပြီးဖြစ်ရာ ယနေ့ထောက်ပံ့မှုသည် ထပ်မံရရှိသောစာရင်းများအရ ကျန်ရှိသူများအား ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် ဝန်ကြီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် ပူးပေါင်းကူညီပေးလျက်ရှိကြသည့် ဆက်စပ်ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ ဖေါင်ဒေးရှင်းများကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်ပူးပေါင်း ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် မသန်စွမ်းသူ (၁၁၈)ဦးအတွက် ထောက်ပံ့ငွေ ကျပ် ၃,၅၄၀,ဝ၀ ကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသော မသန်စွမ်းသူများအား ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြပြီး ထောက်ပံ့မှုများအတွက် မသန်စွမ်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်