ရန်ကုန်  ၁၉  စက်တင်ဘာ

ဂျပန်နိုင်ငံ တိုကျိုမြို့၌ အောက်တိုဘာ ၁၃ ရက်တွင်ကျင်းပမည့် One Cham-poinship ၏ One Century  ပြိုင်ပွဲကြီးတွင် ဖိလစ်ပိုင်နိုင်ငံသား ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာနှင့် အောင်လအန်ဆန်တို့ ထိုးသတ်မည့်ပွဲစဉ်တွင် အောင်လအန်ဆန်အနေဖြင့် သုံးချီနောက်ပိုင်းတွင် အရေးသာနိုင်ကြောင်း MMA ကစားသမား ဖိုးသော်က သုံးသပ်ပြောကြားသည်။

“ငါးချီထိုးရမယ့်ပွဲဖြစ်တဲ့အတွက် အောင်လရဲ့အသက်အရွယ် ကြံ့ခိုင်မှုနဲ့သုံးချီအတွင်းမှာ ပြိုင်ဘက်ကစားသမားကို သေချာဂရုတစိုက်နဲ့ ဆွဲခေါ်သွားနိုင်တယ်ဆိုရင် လေးချီနဲ့ငါးချီအတွင်းမှာ အောင်လပဲ အားသာသွားလိမ့်မယ်”ဟု ဖိုးသော်က ပြောကြားသည်။

ထို့အပြင် ဗီရာနှင့် အောင်လအန်ဆန်တို့၏ ဝိတ်တန်းနှင့်ပတ်သက်၍ နိုင်ငံတကာအဆင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်များဖြစ်သည့်အတွက် Fair Fight ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး နိုင်ငံတကာကို live လွှင့်သည့်ပွဲစဉ်များဖြစ်သည့်အတွက်  Unfair Fight ဆိုတာ မရှိကြောင်း ဖိုးသော်က ပြောကြားသည်။

အဆိုပါပြိုင်ပွဲတွင် အောင်လအန်ဆန်၏ ဝမ်းမစ်ဒယ်ဝိတ်တန်းချန်ပီယံဆုနှင့် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဆု ခါးပတ်နှစ်ခုအနက် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကို ရရှိလိုသည့်အတွက် ဘရန်ဒန်ဗီရာက စိန်ခေါ်ထိုးသတ်ခြင်း ဖြစ်သည်။

“အောင်လအနေနဲ့က ကစားရတာပွဲစိပ်တယ်။ ပြင်ဆင်မှုအနေနဲ့လည်း နှစ်ချီပြီးတော့ နည်းပြကောင်းကောင်းနဲ့ စခန်းသွင်းပြီး လေ့ကျင့်နေတယ်။ သူ့အနေနဲ့ ယုံကြည်မှုလည်းရှိတယ်။ ပရိသတ်အားပေးထောက်ခံမှုလည်း အပြည့်အဝ ရရှိထားတယ်။ သူ့ရဲ့ပြိုင်ဘက်ကလည်း ကျော်ကြားပြီး အတွေ့အကြုံကောင်းတဲ့ ကစားသမားဖြစ်တဲ့အတွက် ဒီပွဲက ပွဲကြီးပွဲကောင်းဖြစ်လာလိမ့်မယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ကြားထဲမှာ အသက်အရွယ်ကွာခြားမှု၊ ကြံ့ခိုင်မှုအနေအထား၊ ပွဲအနီးအဝေး၊ ယုံကြည်မှု အဲဒါတွေအပေါ်မှာ မူတည်ပြီးတော့ ပွဲကတော့ စိတ်ဝင်စားစရာ အများကြီးကောင်းတယ်” ဟု ၎င်းကပြောသည်။

သတင်း-ဇာနည်မောင်၊ အေးမင်းသူ၊ ဓာတ်ပုံ-MMA

IMG_20190331_195624