ပဲခူး ၁၉ စက်တင်ဘာ
(၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ခြင်းအလှခတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက ပဲခူးမြို့ ဟင်္သာလမ်းရှိ ပဲခူးတိုင်းဒေသကြီး ရိုးရာခြင်း အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ (၁၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ခြင်းအလှခတ်ပွဲတော်အား ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းမြင့်၊ မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်လွင်နှင့် ပဲခူးတိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီနာယက ဦးတင်ထွဋ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဥပဒေချုပ်ဦးအုန်းမြင့်နှင့် မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်တို့က အဖွင့်အမှာစကား ပြောကြားကာ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌဦးဝင်းတင့်မှ ရိုးရာခြင်းလုံးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် (၁၆) ကြိမ်မြောက် မြန်မာ့ရိုးရာခြင်းအလှခတ် ပွဲတော်အတွက် မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်မှ အလှူငွေ ကျပ်(၅)သိန်းအား ပဲခူးတိုင်းဒေသကြီး ခြင်းလုံး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးမြလွင်ထံသို့ ပေးအပ်လှူဒါန်းပြီး ပဲခူးတိုင်းဒေသကြီး ခြင်းလုံး ဆပ်ကော်မတီ ဝင် ဦးစိန်မြအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
မြန်မာ့ရိုးရာခြင်းပွဲတော်ကို ပဲခူးမြို့တွင် ပထမအကြိမ်အဖြစ် ၂၀၁၄ ခုနှစ်မှစတင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ်များတွင် အသင်းပေါင်း (၁၂၀) မှ (၁၄၀) အထိ ပါဝင်ကာ ၂၀၁၈ ခုနှစ်တွင် အသင်းပေါင်း (၁၅၀) ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ယခု ၂၀၁၉ ခုနှစ် (၁၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ခြင်းအလှခတ် ပွဲတော်အား စက်တင်ဘာ (၁၈) ရက်မှ (၂၆)ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပဲခူးမြို့ပေါ်ရှိ ခြင်းလုံးအသင်းများ၊ ဖိတ်ကြားထား သည့် အနယ်နယ်အရပ်ရပ်မှ ခြင်းမင်းသား/ ခြင်းမင်းသမီးများ ပါဝင်သည့် မြန်မာ့ရိုးရာ ခြင်းလုံးအသင်း အဖွဲ့ပေါင်း ၂၀၄ ဖွဲ့ ပါဝင်ကာ နံနက် (၉) နာရီမှ ည (၉) နာရီအထိ (၉) ရက်တိုင်တိုင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ခြင်းအလှခတ်ပွဲတော်နှင့် မိသားစု အမှတ်ခတ်ပြိုင်ပွဲများမှတစ်ဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများသို့ ပဲခူးတိုင်းလက်ရွေးစင်အဖြစ် ရွေးချယ်ပြီး ဝင်ရောက် ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


