ရိခေါ်ဒါရ်  ၁၉ စက်တင်ဘာ    


ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၏ စီစဉ်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသက်ကြီး ရွယ်အိုများနေ့ အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရိခေါ်ဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်နေ အသက် ၁၀၄ နှစ်အရွယ်ရှိ အဘွားအို ဒေါ်ဘွဲ့ရဲမ် အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကန်တော့ခြင်းကို စက်တင်ဘာ ၁၈ ရက်က အဘွားအို၏ နေအိမ်သို့ ပေးအပ် ကန်တော့ခဲ့သည်။


ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး ဦးမောင်မောင်က ဂုဏ်ပြုဆုတောင်းဆက်ကပ်ပေးပြီး မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ အလှူငွေများ ပေးအပ်ကန်တော့ပြီး ဌာနဆိုင်ရာများ၊ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်၊ မြို့စည်ပင်သာယာရေးကော်မတီဝင် ဦးဆလိုင်းသိန်းဌေးလွင်၊ မြို့အမျိုးသမီးရေးရာအဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဒေါ်ညောင်ဟောက်ကျိန်နှင့် အဖွဲ့ဝင်များ၊ မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်တင်တင်လှနှင့် အဖွဲ့ဝင်များက အမှတ်တရလက်ဆောင်ပစ္စည်းများ၊ စားသုံးကုန်ပစ္စည်းများ၊ အလှူငွေများ ပေးအပ်ကန်တော့သည်။


ထို့နောက် အဘွားအို ဒေါ်ဘွဲ့ရဲမ်က လာရောက်ကန်တော့သွားသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများအား ဆုတောင်းမေတ္တာပို့သပေးပြီး ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ ဆရာဝန် ဒေါက်တာစန်းမာနှင့် သူနာပြုဆရာမများက အဘွားအို၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးပေးကာ လိုအပ်သော ဆေးဝါးနှင့်ဗီတာမင်အားဆေးများ တိုက်ကျွေးပေးသည်။


အသက် ၁၀၄ နှစ်ရှိ အဘွားအို ဒေါ်ဘွဲ့ရဲမ်သည် အဖ ဦးခွန်းဒိမ်၊ အမိဒေါ် မန်းဇဲလ်တို့မှ ၁၉၁၅ ခုနှစ်တွင် ဖလမ်းမြို့နယ်၊ ထုမန်းကျေးရွာ၌ မွေးဖွားခြင်းဖြစ်ပြီး ယခုအခါ ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်၌ အခြေချနေထိုင်ကာ လက်ရှိ၌ ကျန်းမာရေး အခြေအနေကောင်းမွန် လျက်ရှိကြောင်း သိရသည်။


ရိခေါ်ဒါရ် ပြန်/ဆက်