မကွေး ၁၉  စက်တင်ဘာ 

 

၂၀၁၉ခုနှစ် သြဂုတ်လအတွင်းမှစ၍ လူထုအပန်းဖြေနေရာတစ်ခုအဖြစ် စည်ကားလာခဲ့သော ကန်သားကန်အတွင်းသို့ ငါးအကောင်ရေ ငါးသောင်းကို ယနေ့နံနက် ၈ နာရီက ထည့်သွင်းမွေးမြူမှုများ ဆောင်ရွက်ခဲ့ပြီး မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ တိုင်းလွှတ်တော်တာဝန်ရှိသူများ ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

 

ငါးသယံဇာတပေါကြွယ်ဝစေရန် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွင်း၌ မကွေးတိုင်းရှိ မြစ် ၊ဆည်တမံ၊ ကျေးရွာရေကန် နှင့် စပါးစိုက်ခင်းများအတွင်း ငါးသားပေါက်ကောင်ရေ သိန်းတစ်ရာကျော် ထည့်သွင်းမှုများ လုပ်ဆောင်ခဲ့သော်လည်း လူထုအပန်းဖြေနေရာ ဖြစ်သည့် ကန်သာကန် သာယာလှပရေးအတွက် ငါးမွေးမြူမှု လုပ်ဆောင်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။ 

 

 “ ကန်ရဲ့အလှအပအတွက် ငါးဦးစီးဌာနကနေ ငါးကောင်ရေငါးသောင်းကို ထည့်သွင်း ခဲ့တာပါ။ ကန်သာကန်မှာ ငါးဖမ်းခွင့်ပြုမှာ မဟုတ်ပါဘူး။ ဥပဒေရ သတိပေးဆိုင်းဘုတ် လေးတွေလည်း ထောင်ပါမယ် ” ဟု စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမော်ဌေး က ဆိုသည်။ 

 

ဇေယျတု(မကွေး)