ရွှေဘို ၁၉ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ခုတင်(၂၀ဝ)ဆံ့ပြည်သူ့ဆေးရုံကြီး(ရွှေဘို)၌ ကျန်းမာရေးကုသမှု ခံယူလျက် ရှိနေကြသော လူနာများမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိသလောက်နည်းပါးသော်လည်း ဆင်တုပ်ကွေးရောဂါ အဖြစ်များနေသည့်အပြင် H1N1 ရောဂါဖြင့် နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့် ရက်သတ္တတစ်ပတ်က ရွှေဘိုမြို့နယ် ယင်းမာကျေးရွာက အသက်(၅၉)နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦး နှင့် လွန်ခဲ့သော ၄ လခန့်က ပလိုင်းကျေးရွာအနီး ဂုဏ်တန်ရွာမှ အသက် ၅ နှစ်အရွယ် ကလေးတစ်ယောက်တို့မှာ H1N1 ရောဂါဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသွားခဲ့ကြောင်း အဆိုပါမြို့နယ် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
“H1N1 ရောဂါနဲ့ သေဆုံးတာ ဟုတ်ပါတယ်၊ ဂရုတော့စိုက်ကြရမယ်၊ အရမ်းကြီးတော့ ကြောက်စရာတော့မလိုပါဘူး၊ တစ်ကိုယ်ရေ သန့်ရှင်းဖို့၊ လက်ဆေးဖို့၊ ကိုယ်ခံအားကောင်းအောင်နေဖို့က အဓိကပါ၊ စောစောသိ စောစောကုသရင် ပျောက်ကင်းနိုင်တဲ့ ရောဂါမို့ ဖျားပြီဆိုရင် ကျန်းမာရေးဝန်ထမ်းများနဲ့ ပြသပြီး စနစ်တကျကုသမှုခံယူကြပါ၊ ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေအားလုံး အင်တိုက်အားတိုက်နဲ့ H1N1 ရောဂါ ကာကွယ်ရေးအတွက် ကြိုးကြိုးစားစား အသိပညာပေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေကြပါတယ်၊ H1N1 ကာကွယ်ဆေးတွေကိုလဲ ပလိုင်းကျေးရွာနဲ့ ပတ်ဝန်းကျင်ရွာများက ကူးစက်ခံရနိုင်ခြေများတဲ့ လူပေါင်း ၁၀ဝ၀ ကို တိုင်းကျန်းမာရဲ့ အစီအစဉ်နဲ့ ထိုးနှံပေးထားပါတယ်” ဟု ရွှေဘိုခရိုင် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူဒေါက်တာတစ်ဦးက ပြောသည်။
ချစ်စံ(ခင်ဦး)


